ကုသိုလ်ဆိုတာ ဘာကိုခေါ်တာလဲဆိုတာကို မဖြေသေးမီ စိတ်ကောင်းထားရင် တရားအားထုတ်စရာမလိုဘူးလို့ ပြောတဲ့စကားက ပိုအရေးကြီးလို့ ပြောရဦးမယ်။ ဒါက အပေါ်ယံ ကြည့်ပြီး ပြောလိုက်တဲ့စကားဖြစ်တယ်။ တကယ်က အားထုတ်စရာမလိုဘူး၊ လုပ်စရာမလိုဘူးဆိုတဲ့ အယူအဆတွေဟာ အကရိယ၀ါဒတွေပါ။ ဘုရားရှင်ဝါဒမှာ မလုပ်ရင် ဘာမှ မရလာနိုင်ပါဘူး၊ လုပ်မှ ရမှာပါ။ စိတ်ကောင်းထားပါပြီတဲ့ လောဘ ဒေါသ အားကြီးနေမယ်ဆိုရင် မဟုတ်သေးဘူး၊ စိတ်ကောင်းလည်း ရှိရမယ် လောဘ ဒေါသစတဲ့ ကိလေသာများနည်းအောင်၊ ပါးအောင်၊ ကင်းအောင်လည်း လုပ်ရမယ်၊ ဒီအတွက် သီလ၊သမာဓိ၊ပညာဆိုတဲ့ ဘုရားရှင်အဆုံးအမတွေ အထူးလိုအပ်ပါတယ်။ သီလ၊ သမာဓိ၊ ပညာဆိုတာ မဂ္ဂင်အကျင့်တွေပါ။
ဘုရားရှင်က “မဂ္ဂင်ရှစ်ပါး အကျင့်ရှိတဲ့ ငါဘုရားသာသနာမှာသာလျှင် ကိလေသာငြိမ်းအေးနိုင်တဲ့ သမဏဆိုတာရှိတယ်”လို့ သုဘဒ္ဒပုရပိုဇ်ကို မိန့်တော်မူထားတာ ရှိပါတယ်။ ဆိုလိုတာက အားထုတ်မှုအပိုင်းမပါဘဲ စိတ်ကောင်းထားရုံမျှနဲ့ ကိလေသာမကင်းနိုင်သေးဘူးဆိုတာပဲ။ ဒါကြောင့် စိတ်ကောင်းထားရုံနဲမပြီး၊ ဒါန၊ သီလ၊ ဘ၀နာစတဲ့ အားထုတ်မှုအပိုင်းလည်း လိုသေးတယ်ဆိုတာပါပဲ။
နောက်တစ်ခုက ကုသိုလ်ရဲ့အဓိပ္ပါယ်ကို ပြောပါ့မယ်။ ကုသိုလ်ဆိုတာ ကုသလာ ဓမ္မာ အန၀ဇ္ဇ သုခ၀ိပါက လက္ခဏာ– အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကိုပေးခြင်း လက္ခဏာနှစ်ပါးနဲ့ပြည့်စုံသော၊ ဓမ္မာ-နိသတ္တနိဇ္ဇီ၀သဘာဝါ- သတ္တလည်းမဟုတ်၊ ဇီဝလည်းမဟုတ်ကုန်သော သဘောတရားတို့သည်၊ သံဝိဇ္ဇန္တိ- ရှိကုန်၏။ အဓိပ္ပါယ်က- ကုသိုလ်တရားဆိုတာ အပြစ်ကင်းတဲ့လက္ခဏာကတစ်ပါး၊ ချမ်းသာတဲ့အကျိုးကို ပေးခြင်းလက္ခဏာကတစ်ပါး၊ ထိုလက္ခဏာနှစ်ပါးနှင့်ပြည့်စုံရင် ‘ကုသိုလ်’လို့ခေါ်ပါတယ်။ အပြစ်ကင်းရမယ်ဆိုတာ (အသက်ကောင်လည်းမဟုတ် သတ္တ၀ါကောင်လည်းမဟုတ်တဲ့) စိတ်မှာ ကင်းရမှာပါ။ စိတ်ထဲမှာ လောဘအပြစ်၊ ဒေါသအပြစ်စတာတွေ ကင်းနေရပါမယ်၊ ထိုကိလာသာတွေ ကင်းနေတဲ့စိတ်ဟာ အနှောင်အဖွဲ့ကင်းပြီး ချမ်းသာနေပါတယ်။ ဒါကိုပဲ “ကုသိုလ်” ခေါ်ပါတယ်...

"ဆန်နီနေမင်း" ဓမ္မ Website မှကူးယူမျှဝေပါသည်....
No comments:
Post a Comment