(၁) အကြောင်းတရာနဲ့အကျိုးတရားတို့ဟာ အမြဲတမ်းထိတွေ့နေတာဖြစ်လို့ အကြောင်းကြောင့် ပျက်စီးတာလည်းပြောလို့ရသလို သူ့အလိုလိုပျက်စီးတာလို့လည်း ပြောလို့ရပါတယ်။ သဘာဝတရားကြီးကိုက ဒီတိုင်းချည်း အမြဲဖြစ်ပျက်နေတယ်လေ။
(၂) ဥပမာ-လက်ကိုင်ပ၀ါအဖြူရောင် တစ်ထည်ကို လက်ထဲမှာဆုတ်ထားလိုက်ပါ။ ဆုတ်ထားတာကြာလာရင် အဲဒီလက်ကိုင်ပ၀ါဟာ ညစ်နွမ်းခြင်း၊ တွန့်ခြင်းစတဲ့ ဖောက်ပြန်ပျက်စီးမှုတွေ ဖြစ်လာတာကို မြင်ရပါလိမ့်မယ်။ ဒါဟာလည်း ပင်ကိုယ်မျက်စိနဲ့ ဖောက်ပြန်ပျက်စီးမှု မြင်လွယ်တဲ့အရာကို ဥပမာပေးလိုက်တာပါ။ အဲဒီလိုမြင်လွယ်တဲ့အရာမို့လည်း မြတ်ဗုဒ္ဓက စူဠပန်မထေရ်ကို လက်ကိုင်ပ၀ါကို ဆုတ်နယ်ခိုင်းပြီး တရားရအောင် လုပ်ခဲ့တာပါ။ လက်ကိုင်ပ၀ါမှမဟုတ်ပါဘူး။ ကျန်တဲ့ဘယ်ရာမဆို သူ့အလိုလို ဖြစ်ပျက်နေကြပါတယ်။ ဘယ်ဟာမှ ပုံမှန်အတိုင်း ရှိမနေကြပါဘူးလေ။ မိမိတို့က ကိုယ်ပိုင်ဉာဏ်နုနယ်သေးတဲ့အတွက်သာ မမြင်လွယ်တဲ့အရာတွေ ရှိနေတာပါ။
တကယ်တော့ လောကကြီးထဲမှာ အာရုံကိုသိတတ်တဲ့သဘောတရားလေးမျှနဲ့ ဖောက်ပြန်တတ်တဲ့ သဘောတရားမျှလေးသာ ရှိပါတယ်။ အထည်ကိုယ်ဒြပ်တွေ၊ အစိုင်းအခဲစတာတွေ မရှိပါဘူး။ ဥပမာ-ပယ်လယ်ထဲခရီးသွားတဲ့အခါ ပယ်လယ်ရေထဲမှာ ရေမြုပ်ကြီးတစ်ခုကို အဝေးကကြည့်လိုက်တဲ့အခါ အစိုင်းအခဲကြီးလို့ ထင်ရပေမဲ့ အနီးသွားရောက်ပြီး လက်နဲ့ထိကြည့်လိုက်တဲ့အခါ အဲဒီရေမြုပ်ဟာ ပျက်စီးသွားသလို လူခန္ဓာကိုယ်အစရှိတဲ့ သက်ရှိသက်မဲ့များဟာလည်း အစိုင်းအခဲမဟုတ်ဘဲ နဲ့ ဖောက်ပြန်တတ်တဲ့ သဘောတရားမျှလေးသာရှိပါတယ်။ ဒါကြောင့်လည်း အချိန်တန်ရင် လက်နဲ့ဆုတ်ကိုင်ပြလို့ရတဲ့အရာတစ်ခုမှမရှိဘဲဖြစ်နေတာပါ။ လောကကြီးထဲမှာ ရေမြုပ်ဥပမာလို၊ ဖောက်ပြန်တတ်တဲ့ သဘောတရားလေးသာရှိတယ်ဆိုတဲ့ တရားသဘောကို သိမြင်မယ်ဆိုရင် လက်နဲ့ဆုတ်ကိုင်ပြလို့ရတဲ့အရာဟာ မရှိဘူးဆိုတာ သိပါလိမ့်မယ်။

သက်ရှိပုဂ္ဂိုလ်တိုင်းသည်လည်းကောင်း၊ သက်မဲ့အရာဝတ္ထုတိုင်းသည်လည်းကောင်း၊ အမြဲတမ်း ဖြစ်လိုက် ပျက်လိုက်နဲ့ မူလသဘာဝ သူ့သဘောသူဆောင်ကာ ဖြစ်ပျက်နေကြပါတယ်။ ပြောင်းလဲရွေ့လျောနေကြတယ်။ အမြဲတည်တံ့တယ်ဆိုတာ မရှိပါဘူး။ စိုးပိုင်ချုပ်ကိုင်လို့လည်း မရပါဘူး။ ဒါကြောင့် မြတ်ဗုဒ္ဓက “ရုပ္ပတီတိ ရူပံ၊ အမြဲတမ်း ဖေါက်ပြန်ပြောင်းလဲနေသောကြောင့် ရုပ်မည်တာ”လို့‘အဘိဓမ္မာပါဠိတော် ပရမတ္ထတရားအဖွင့်မှာ ဟောခဲ့တာပါ။ အမြဲတမ်း မဖေါက်ပြန် မပြောင်းလဲရင် ရုပ်မမည်ဘဲ ဖေါက်ပြန်ပြောင်းလဲနေမှသာ ရုပ်တရားရဲ့ မူလသဘာဝ တရား ဖြစ်ပါတယ်။ နှစ်သက်ဖွယ်ကောင်းတယ်၊ တင့်တယ်တယ်၊ လှပတယ်၊ စင်ကြယ်တယ်လို့ မှတ်ထင်ရတဲ့ အရာဝတ္ထု၊ အဆင်း၊ အသံစတာတွေကို စီစစ်ကြည့်ပါ။ မာခြင်း၊ ပျော့ခြင်း၊ အေးခြင်း၊ ဖွဲ့စည်းခြင်း၊ လှုပ်ရှားခြင်းဆိုတဲ့ ပကတိသဘောသတ္တိတွေသာ ရှိကြပါတယ်။
ရုပ်(ဟဒယဝတ္ထု)ကိုမှီပြီး ဝိညာဉ် (စိတ်အာရုံကိုသိခြင်း) ဝေဒနာ၊ သညာ၊ သင်္ခါရ၊ စေတသိက် (၅၂ ) ပါး ဖြစ်ပါတယ်။ ပို၍ ရှင်းအောင်ပြောရရင် အာရုံနဲ့ဒွါရတိုက်ချိန် ပရမတ္တတရားဖြစ်တဲ့ ရုပ်၊ စိတ်၊ စေတသိတ်များသာ ဖြစ်နေကြပါတယ်။ ရိုးရိုးလေးလက်တွေ့ကျကျရှင်းပြရရင် အာရုံနဲ့ဒွါရတိုက်ချိန်-အာရုံကိုသိတဲ့ သဘောဖြစ်ပေါ်လာပါတယ်။ ဝိညာဉ်စိတ် (သို့)အသိစိတ်ကလေး ဖြစ်လာတယ်။
မျက်စိအဆင်းနဲ့ အလင်းမနသီကာယအာရုံစိုက် နှလုံးသွင်းမှုဆုံတဲ့အခါ မြင်သိစိတ် ဖြစ်လာတယ်။ နားအသံ အာကာသဓာတ်မနသီကာယ အာရုံစိုက်နှလုံးသွင်းမှုဆုံတဲ့အခါ ကြားသိစိတ် ဖြစ်တယ်။ နှာခေါင်း အနံ့ လေ(ဝါတ)ဓာတ် မနသီကာယအာရုံစိုက် နှလုံးသွင်းမှုဆုံတဲ့အခါ နံသိစိတ် ဖြစ်တယ်။ လျှာ အရသာရှိတဲ့အစာ (အာပ)လျှာရည် မနသီကာယ အာရုံစိုက် နှလုံးသွင်းမှုဆုံတဲ့အခါ အရသာသိစိတ် ဖြစ်တယ်။ ကိုယ်အကြည် ထိတွေ့မှု ပထဝီဓာတ် မနသီကာယ အာရုံစိုက်နှလုံးသွင်းမှုဆုံတဲ့အခါ ထိသိစိတ် ဖြစ်တယ်။
အဆင်းနဲ့ မျက်စိတိုက်ဆိုင်လို့ မြင်သိစိတ်ဖြစ်တဲ့အခါ အဆင်း၊ မျက်စိ၊ အလင်း၊ နှလုံးသွင်းမှုဆိုတဲ့ အကြောင်းလေးခု ဆုံမှဖြစ်ပါတယ်။ တစ်ခုခုချို့ယွင်းရင်တော့ မြင်သိစိတ် မဖြစ်ပါဘူး။ ထို့တူ အသံနဲ့နား တိုက်ဆိုင်လို့ ကြားသိစိတ်ဖြစ်တဲ့အခါ အသံ၊ နား၊ အာကာသဓာတ်၊ နှလုံးသွင်းမှုဆိုတဲ့ အကြောင်းလေးခု ဆုံရပါတယ်။ နှာခေါင်းနဲ့အနံ့တိုက်ဆိုင်လို့ နံသိစိတ်ဖြစ်တဲ့အခါ အနံ့၊ နှာခေါင်း၊ လေ(ဝါတ) ဓာတ်၊ နှလုံးသွင်းမှုဆိုတဲ့ အကြောင်းလေးခု ဆုံရပါတယ်။ လျှာနဲ့အရသာ တိုက်ဆိုင်လို့ ရသာသိစိတ်ဖြစ်တဲ့အခါ အရသာ၊ လျှာ၊ (အာပ)လျှာရည်၊ နှလုံးသွင်းမှုဆိုတဲ့ အကြောင်း လေးခု ဆုံရပါတယ်။ ကိုယ်နဲ့ထိတွေ့စရာ တိုက်ဆိုင်လို့ ထိသိစိတ်ဖြစ်တဲ့အခါ တွေ့ထိစရာ၊ ကိုယ်အကြည်၊ ပထဝီဓာတ်၊ နှလုံးသွင်းမှုဆိုတဲ့ အကြောင်းလေးခု ဆုံရပါတယ်။ မနောဘဝင်နဲ့ ဓမ္မာရုံတိုက်ဆိုင်လို့ တွေးတောကြံစည်စိတ်ဖြစ်တဲ့အခါ နှလုံး၊ မန၊ ဓမ္မ၊ နှလုံးသွင်းမှုဆိုတဲ့ အကြောင်းလေးခု ဆုံရပါတယ်။
(အခံဓာတ်) (အတိုက်ဓာတ်) ( အပွင့်ဓာတ်)
ဒွါရ ၆ --------------အာရုံ ၆ ---------------ဝိညာဏ် ၆
စက္ခုဓာတ် ရူပဓာတ် စက္ခုဝိညာဏဓာတ်
သောတဓာတ် သဒ္ဒဓာတ် သောတဝိညာဏဓာတ်
ဃာနဓာတ် ဂန္ဒဓာတ် ဃာနဝိညာဏဓာတ်
ဇိဝှါဓာတ် ရသဓာတ် ဇိဝှါဝိညာဏဓာတ်
ကာယဓာတ် ဖောဋ္ဌဗ္ဗဓာတ် ကာယဝိညာဏဓာတ်
မနောဓာတ် ဓမ္မဓာတ် မနောဝိညာဏဓာတ်
အဲဒီလို အကြောင်းတိုက်ဆိုင်လာတဲ့အခါ အကျိုးဖြစ်ပေါ်လာရပါတယ်။ အလကားသူ့ အလိုလို ဖြစ်ပေါ်လာတာတော့ မဟုတ်ပါဘူး။ မည်သူတဦး တစ်ယောက်ကမှလည်း ဖန်ဆင်းလိုက်တာ မဟုတ်ပါ။ အကြောင်းကင်းပြီးဖြစ်တဲ့ အကျိုးမရှိမဖြစ်သလို အကြောင်းတရားမရှိဘဲ အကျိုးတရားလည်း မဖြစ်ပါဘူး။ အကျိုးတရားဟာလည်း အကြောင်းနဲ့ကင်းပြီး မဖြစ်နိုင်ပါ။
စိတ်နောက်ရုပ်ကလိုက်ရသလို ရုပ်နောက်လည်း စိတ်က လိုက်ရပါတယ်။ ဥပမာ-သွားချင်စိတ်ကြောင့် သွားရ၊ ထိုင်ချင်စိတ်ကြောင့် ထိုင်ရသည်၊ ဝမ်းနည်းစိတ်ကြောင့် ရုပ်မှာမျက်ရည်ကျ ငိုကြွေးရစတဲ့တွေ ဖြစ်ရပါတယ်။
ထို့အတူ ရုပ်ရဲ့ဖောက်ပြန်မှုကိုလည်း စိတ်ကခံစားသိရပါတယ်။ ရုပ်နာကျင်ကိုက်ခဲမှုကို စိတ်ကခံစားပေးရတယ်။ ရုပ်တရား ဖောက်ပြန်လို့ ခန္ဓာကိုယ် ကိုက်ခဲလိုဖြစ်စေ၊ ဒဏ်ရာရလို့ဖြစ်စေ ရုပ်တရားတစ်ခုခုဖြစ်တဲ့အခါ စိတ်ကရုပ်နောက်လိုက်ပြီး ဖြစ်နေတာတွေကို သိပေးနေရပါတယ်။
ထိုဖြစ်ပေါ်လာတဲ့ အသိစိတ်ကလေးဟာ သဘောသက်သက်သာဖြစ်သလို အဲဒီစိတ်ကသိတဲ့ ခန္ဓာကိုယ်ရုပ်တရားကြီးဟာ ဖောက်ပြန်တတ်တဲ့ သဘောမျှသာ ဖြစ်ပါတယ်။ အဲဒီနာမ်တရား အသိစိတ်နဲ့ ဖောက်ပြန်တတ်တဲ့ သဘောမျှသာရှိတဲ့ ရုပ်တရားတို့ဟာ ကိုင်တွယ်ပြလို့မရ၊ ပုံသဏ္ဍာန်မရှိ၊ အရောင်မရှိ၊ ပုဂ္ဂိုလ်သတ္တဝါမဟုတ်၊ ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမမဟုတ်၊ စကားလဲမပြော၊ သိသဘောသက်သက်လေးနဲ့ ဖောက်ပြန်တတ်တဲ့သဘောတို့ ခဏပေါ်ကာ ချက်ခြင်း ချုပ်ပျောက်သွားကြတဲ့အရာတွေပါ။
ဥပမာ-အချိုမှုန်တစ်ခုကိုစားလိုက်ရင် ချိုတဲ့အရသာသိစိတ်ဖြစ်လာမယ်။ အဲဒီအသိစိတ်ကနာမ်ကဖြစ်တဲ့ ချိုတဲ့သဘောလေးကို လက်ဖြင့်လဲ ကိုင်ပြ၍မရ၊ မည်သည့် ပုံသဏ္ဍာန်ရှိတယ်ဆိုတာကိုလည်း မဖြေနိုင်၊ ဘယ်လိုအရောင်လဲဆိုတာလည်း မမြင်ရ၊၊ ပုဂ္ဂိုလ်သတ္တဝါလဲမဟုတ်၊ ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမဟုလဲမဆို၊ စကားလဲမပြော၊ ချိုမှုကိုသိတဲ့ သဘောဓာတ်ကလေးသာပင် ဖြစ်ပါတယ်။
အဲဒါက နာမ်တရားဖြစ်တဲ့ အသိစိတ်ရဲ့ အာရုံကိုသိခြင်းသဘောမျှသာရှိခြင်းကို ဥပမာပေးလိုက်တာပါ။ ရုပ်တရားဟာလည်း ဖောက်ပြန်တတ်တဲ့ သဘောမျှလေးသာရှိတာကို အပေါ်မှာ ရေမြုပ်ဥပမာနဲ့ပေးခဲ့ပြီးဖြစ်လို့ ထပ်ရှင်းစရာလိုမယ် မထင်တော့ပါဘူး။ ဒီလောက်ဆို မေးထားတာ ရှင်းမယ်ထင်ပါတယ်။
"ဆန်နီနေမင်း" ၏ ဓမ္မ Website မှ ကူးယူမျှဝေဖေါ်ပြပါသည်....
No comments:
Post a Comment