Tuesday, January 31, 2012

ပဋိစ္စသမုပ္ပါဒ် အမေးအဖြေ ၂....

(၁) မေး - ပဋိစ္စသမုပ္ပါဒ်၌ အင်္ဂါ အဘယ်မျှ ရှိသနည်း၊ ကာလ အဘယ်မျှ ရှိသနည်း၊ ဝဋ် အဘယ်မျှ ရှိသနည်း၊ ခြင်းရာ အဘယ်မျှ ရှိသနည်း၊ အစပ် အဘယ်မျှ ရှိသနည်း၊ အလွှာ အဘယ်မျှ ရှိသနည်း၊ မူလ အဘယ်မျှ ရှိသနည်း။
ဖြေ - ပဋိစ္စသမုပ္ပါဒ်၌ အင်္ဂါ ၁၂-ပါး၊ ကာလ ၃-ပါး၊ ဝဋ် ၃-ပါး၊ ခြင်းရာ ၂၀၊ အစပ် ၃-ပါး၊ အလွှာ ၄-ပါး၊ မူလ ၂-ပါး ရှိပါသည်။
(၂) မေး - အင်္ဂါ ၁၂-ပါးကို ရေပြပါ။
ဖြေ - အင်္ဂါ ၁၂-ပါးမှာ အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊ ဇာတိ၊ ဇရာ-မရဏ တို့ ဖြစ်ပါသည်။
မေး - ကာလသုံးပါး ရေပြပါ။
ဖြေ - ကာလသုံးပါးမှာ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ဟူ၍ သုံးပါး ဖြစ်ပါသည်။
မေး - အတိတ်ကာလ အင်္ဂါ ၂-ပါးကို ရေပြပါ။
ဖြေ - အတိတ်ကာလ အင်္ဂါ ၂-ပါးမှာ အဝိဇ္ဇာနှင့် သင်္ခါရတို့ ဖြစ်ပါသည်။
မေး - အနာဂတ်ကာလ အင်္ဂါ ၂-ပါး ရေပြပါ။
ဖြေ - အနာဂတ်ကာလ အင်္ဂါ ၂-ပါးမှာ ဇာတိနှင့် ဇရာ-မရဏတို့ ဖြစ်ပါသည်။
မေး - ပစ္စုပ္ပန်ကာလ အင်္ဂါ ၈-ပါး ရေပြပါ။
ဖြေ - ပစ္စုပ္ပန်ကာလ အင်္ဂါ ၈-ပါးမှာ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝတို့ ဖြစ်ပါသည်။
မေး - ဝဋ်သုံးပါး ရေပြပါ။
ဖြေ - ဝဋ်သုံးပါးမှာ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်တို့ ဖြစ်ပါသည်။
မေး - ကိလေသဝဋ်သုံးပါး ရေပြပါ။
ဖြေ - ကိလေသဝဋ်သုံးပါးမှာ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်တို့ ဖြစ်ပါသည်။
မေး - ကမ္မဝဋ်နှစ်ပါး ရေပြပါ။
ဖြေ - ကမ္မဝဋ်နှစ်ပါးမှာ သင်္ခါရနှင့် ကမ္မဘဝတို့ ဖြစ်ပါသည်။
မေး - ဝိပါကဝဋ်ရှစ်ပါး ရေပြပါ။
ဖြေ - ဝိပါကဝဋ်ရှစ်ပါးမှာ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဥပပတ္တိဘဝ၊ ဇာတိ၊ ဇရာ-မရဏတို့ ဖြစ်ပါသည်။

(၃) မေး - အဝိဇ္ဇာ, သင်္ခါရကို ယူလျှင် အဘယ်ကို ယူရသနည်း။ တဏှာ, ဥပါဒါန်, ဘဝကိုယူလျှင် အဘယ်ကို ယူရသနည်း။ ဇာတိ, ဇရာမရဏကို ယူလျှင် အဘယ်ကို ယူခြင်း ဖြစ်သနည်း။
ဖြေ - အဝိဇ္ဇာ, သင်္ခါရကို ယူလျှင် လွန်လေပြီးသော အတိတ်အကြောင်းကို ယူရ၏။ တဏှာ, ဥပါဒါန်, ဘဝကို ယူလျှင် ယခုဖြစ်ဆဲ ပစ္စုပ္ပန်အကြောင်းကို ယူရ၏။ ဇာတိ, ဇရာမရဏကို ယူလျှင် နောင်ဖြစ်လတံ့ အနာဂတ်အကျိုးကို ယူခြင်း ဖြစ်၏။
(၄) မေး - ခြင်းရာနှစ်ဆယ်ကို ရေပြပါ။
ဖြေ - ခြင်းရာနှစ်ဆယ်မှာ အတိတ်အကြောင်းငါးပါး၊ ပစ္စုပ္ပန်အကျိုးငါးပါး၊ ပစ္စုပ္ပန်အကြောင်းငါးပါး၊ အနာဂတ်အကျိုးငါးပါး ဖြစ်ပါသည်။
(၅) မေး - အစပ်သုံးပါး ရေပြပါ။
ဖြေ - အစပ်သုံးပါးမှာ သင်္ခါရနှင့်ဝိညာဏ်အကြား တစ်စပ်၊ ဝေဒနာနှင့်တဏှာအကြား တစ်စပ်၊ ဘဝနှင့်ဇာတိအကြား တစ်စပ်တို့ ဖြစ်ပါသည်။
(၆) မေး - အဝိဇ္ဇာမူလသည် အဘယ်အထိ ဆောင်သနည်း။
ဖြေ - အဝိဇ္ဇာမူလသည် ဝေဒနာအထိ ဆောင်ပါသည်။
(၇) မေး - အဝိဇ္ဇာမူလဆောင်ရာ၌ အင်္ဂါ, ကာလ, ဝဋ်, ခြင်းရာ, အစပ်, အလွှာ, မူလ အဘယ်မျှ ရှိသနည်း။
ဖြေ - အဝိဇ္ဇာမူလဆောင်ရာ၌ အင်္ဂါ ၇-ပါး၊ ကာလ ၂-ပါး၊ ဝဋ် ၃-ပါး၊ ခြင်းရာ ၁၀-ပါး၊ အစပ် တစ်ပါး၊ အလွှာ ၂-ပါး၊ မူလ တစ်ပါး ရှိပါသည်။
(၈) မေး - တဏှာမူလသည် အဘယ်အထိ ဆောင်သနည်း။
ဖြေ - တဏှာမူလသည် ဇရာမရဏအထိ ဆောင်ပါသည်။
(၉) မေး - တဏှာမူလ ဆောင်ရာ၌ အင်္ဂါ, ကာလ, ဝဋ်, ခြင်းရာ, အစပ်, အလွှာ, မူလ အဘယ်မျှ ရှိသနည်း
ဖြေ - တဏှာမူလ ဆောင်ရာ၌ အင်္ဂါ ၅-ပါး၊ ကာလ ၂-ပါး၊ ဝဋ် ၃-ပါး၊ ခြင်းရာ ၁၀-ပါး၊ အစပ် တစ်ပါး၊ အလွှာ ၂-ပါး၊ မူလ တစ်ပါး ရှိပါသည်။
+++++
အားထုတ်၍ လေ့လာရန် မေးခွန်းများ
(၁) မေး - ဇရာ-မရဏသည် အင်္ဂါတစ်ပါးဟု ဆို၏။ နှစ်ပါး မဟုတ်လော၊ အဘယ့်ကြောင့် တစ်ပါးဟု ဆိုသနည်း။
ဖြေ - ဇရာ-မရဏသည် မိမိသဘောအားဖြင့် ရင့်ခြင်းနှင့် ပျက်ခြင်း နှစ်ပါး ဖြစ်ပါသည်။ သို့ရာတွင် အင်္ဂါအားဖြင့် တပေါင်းတည်း ပြု၍ ဟောပါသည်။ ထို့ကြောင့် အင်္ဂါတစ်ပါးဟု ဆိုရပါသည်။
(၂) မေး - ‘ကိ-သုံး’၊ ‘ကံ-နှစ်’၊ ‘ဝိပါက်-ရှစ်’ကို ဆယ့်နှစ်ဖြစ်အောင် ပေါင်းပြပါ။
ဖြေ - ‘ကိ-သုံး’ဟူသည် ကိလေသဝဋ် သုံးပါးဖြစ်၍ သုံးပါးလုံး ကျပ်ပြည့် ဖြစ်ပါသည်။ ‘ကံ-နှစ်’ကား ကမ္မဝဋ်နှစ်ပါး ကျပ်ပြည့် မဟုတ်ပါ။ တစ်ပါးခွဲသာ ရှိပါသည်။ (ဝါ) တစ်ကျပ်ခွဲသာ ရှိပါသည်။ ‘ဝိပါက်-ရှစ်’ကား ဝိပါကဝဋ်ရှစ်ပါး ကျပ်ပြည့် မဟုတ်ပါ။ ခုနစ်ပါးခွဲ (ဝါ) ခုနစ်ကျပ်ခွဲသာ ရှိပါသည်။ ထို့ကြောင့် ကိလေသဝဋ်သုံးကျပ်၊ ကမ္မဝဋ်တစ်ကျပ်ခွဲ၊ ဝိပါကဝဋ်ခုနစ်ကျပ်ခွဲ ဖြစ်၍ ပေါင်း ၁၂-ကျပ် (ဝါ) ၁၂-ပါး ဖြစ်ပါသည်။
(၃) မေး - ကမ္မဘဝနှင့် ဥပပတ္တိဘဝ ထူးပုံ အကျဉ်းဖော်ပြပါ။
ဖြေ - ကမ္မဘဝသည် အကြောင်းကမ္မဝဋ်၊ ဥပပတ္တိဘဝသည် အကျိုးဝိပါကဝဋ်။ ဤသို့ အကြောင်း-အကျိုး ထူးပါသည်။
(၄) မေး - ဘဝနှစ်ပါး ကြောင်းကျိုးထူးပုံ သိသာအောင် ဖော်ပြပါ။
ဖြေ - ကမ္မဘဝသည် ယခုဘဝအားထုတ်သော ကံဖြစ်၍ နောက်ဘဝပဋိသန္ဓေကို ဖြစ်စေ၏။ ဥပပတ္တိဘဝသည် ထိုအကြောင်းကံကြောင့် နောက်ဘဝ၌ အကျိုးပဋိသန္ဓေနာမ်ရုပ်ဖြစ်၍ ဖြစ်၏။ ဤသို့ ဖြစ်စေသော ကံနှင့် ဖြစ်သော အကျိုးဟု ထူးပါသည်။
(၅) မေး - အဝိဇ္ဇာ, သင်္ခါရကို ယူလျှင် အဘယ့်ကြောင့် တဏှာ, ဥပါဒါန်, ဘဝကိုလည်း ယူရသနည်း။
ဖြေ - အဝိဇ္ဇာ, သင်္ခါရနှင့် တဏှာ, ဥပါဒါန်, ဘဝသည် အတူဖြစ်ဖက် ဖြစ်သောကြောင့် ယူရပါသည်။ တနည်းကား - ကိလေသာချင်းတူ, ကံချင်းတူသောကြောင့် တစ်ခုကို ယူလျှင် တစ်ခုကိုလည်း ယူရပါသည်။
(၆) မေး - ကိလေသာချင်း တူပုံကို ဖော်ပြပါ။
ဖြေ - အဝိဇ္ဇာလည်း ကိလေသာ၊ တဏှာ, ဥပါဒါန်လည်း ကိလေသာ၊ ကိလေသာချင်း အတူတူ ကိလေသဝဋ်သုံးပါး ဖြစ်ပါသည်။
(၇) မေး - ကံချင်း တူပုံကို ဖော်ပြပါ။
ဖြေ - သင်္ခါရလည်း ကံ၊ ကမ္မဘဝလည်း ကံ၊ ကံချင်းအတူတူ ကမ္မဝဋ်နှစ်ပါး ဖြစ်ပါသည်။
(၈) မေး - ဇာတိ, ဇရာမရဏကို ယူလျှင် အဘယ်ကြောင့် ဝိညာဏ်စသော ငါးပါးကို ယူခြင်း ဖြစ်သနည်း။
ဖြေ - ဂုဏ်နှင့်ဒြပ်ဖြစ်၍ ခွဲ၍ မရပါ။ တနည်းကား-ဌာနီနှင့် ဌာနဖြစ်၍ ခွဲ၍ မရပါ။ တနည်း-ဝိပါက်ချင်း တူ၍ ခွဲ၍ မရပါ။ ထိုသို့ ခွဲ၍ မရသောကြောင့် ယူခြင်း ဖြစ်ပါသည်။
(၉) မေး - ဂုဏ်နှင့်ဒြပ် ဖြစ်ပုံကို ခွဲပြပါ။
ဖြေ - ဇာတိ, ဇရာမရဏသည် ဝိညာဏ်စသော ငါးပါး၏ ဂုဏ်ဖြစ်ပါသည်။ ဝိညာဏ်စသော ငါးပါးသည် ဇာတိဂုဏ်, ဇရာမရဏဂုဏ်နှစ်ပါး၏ တည်ရာဒြပ် ဖြစ်ပါသည်။
(၁၀) မေး - ဌာနီနှင့် ဌာနဖြစ်ပုံကို ခွဲပြပါ။
ဖြေ - ဇာတိ, ဇရာမရဏသည် ဝိညာဏ်စသော ငါးပါး၌ တည်တတ်သော ဌာနီဖြစ်ပါသည်။ ဝိညာဏ်စသော ငါးပါးသည် ဇာတိ, ဇရာမရဏ၏ တည်ရာဌာန ဖြစ်ပါသည်။
(၁၁) မေး - ဝိပါက်ချင်း တူပုံမျှ ဖော်ပြပါ။
ဖြေ - ဝိညာဏ်စသော ငါးပါးလည်း ဝိပါက်၊ ဇာတိ, ဇရာမရဏလည်း ဝိပါက်၊ ဝိပါက်ချင်း အတူတူ ဝိပါကဝဋ်ရှစ်ပါး၌ ပါဝင်ပါသည်။
(၁၂) မေး - ဘဝနှစ်ပါးတို့တွင် ကမ္မဘဝကို အဘယ်ခြင်းရာ၌ တိုက်ရိုက် ယူသနည်း။
ဖြေ - ကမ္မဘဝကို အတိတ်အကြောင်း၊ ပစ္စုပ္ပန်အကြောင်းတို့၌ တိုက်ရိုက် ယူပါသည်။
(၁၃) မေး - ဥပပတ္တိဘဝကို အဘယ်ခြင်းရာ၌ တိုက်ရိုက် ယူသနည်း။
ဖြေ - ဥပပတ္တိဘဝကို အဘယ်ခြင်းရာမှာမှ တိုက်ရိုက် မယူပါ။ အနာဂတ်အကျိုး ဇာတိ၌သာ ပါဝင်ပါသည်။
(၁၄) မေး - သင်္ခါရနှင့် ဝိညာဏ်အကြားသည် အဘယ်နှင့် အဘယ် စပ်သည်ဟု သုံးနည်းလောက် စပ်ပြပါ။
ဖြေ - သင်္ခါရနှင့် ဝိညာဏ်အကြားသည် အတိတ်နှင့် ပစ္စုပ္ပန် စပ်သည်၊ အကြောင်းနှင့် အကျိုး စပ်သည်၊ အတိတ်အကြောင်းနှင့် ပစ္စုပ္ပန်အကျိုး စပ်သည်၊ သုံးနည်း။
(၁၅) မေး - ဝေဒနာနှင့် တဏှာအကြားသည် အဘယ်နှင့် အဘယ် စပ်သည်ဟု သုံးနည်းလောက် စပ်ပြပါ။
ဖြေ - ဝေဒနာနှင့် တဏှာအကြားသည် ပစ္စုပ္ပန်နှင့် ပစ္စုပ္ပန် စပ်သည်၊ အကျိုးနှင့် အကြောင်း စပ်သည်၊ ပစ္စုပ္ပန်အကျိုးနှင့် ပစ္စုပ္ပန်အကြောင်း စပ်သည်၊ သုံးနည်း။
(၁၆) မေး - အလွှာလေးပါးတို့တွင် ပဌမအလွှာကို နှစ်ပါးဟူ၍လည်းကောင်း၊ ငါးပါးဟူ၍လည်းကောင်း နှစ်နည်းဆိုသည်။ အဘယ်ပုံ ယူသနည်း။
ဖြေ - ပဌမအလွှာကို အင်္ဂါ ၁၂-ပါးအားဖြင့် ယူလျှင် နှစ်ပါး၊ ခြင်းရာ ၂၀ အားဖြင့် ယူလျှင် ငါးပါးဟု ဆိုရပါသည်။
(၁၇) မေး - အဝိဇ္ဇာ, သင်္ခါရကို မြင်ရလျှင် အတူဖြစ်ဖက် တဏှာ, ဥပါဒါန်, ဘဝလည်း ပုန်းလျက် အနီး၌ ရှိပုံကို ဥပမာဆောင်ပြပါ။
ဖြေ - ကျပ်ပြား၌ ခေါင်းကို မြင်ရလျှင် တစ်ဘက်၌ မမြင်ရသော်လည်း ပန်းရှိသည်ဟူ၍လည်းကောင်း၊ ပန်းကို မြင်ရလျှင်လည်း တစ်ဘက်၌ ခေါင်းရှိသည်ဟူ၍လည်းကောင်း ရိပ်မိရပါသည်။ ထို့အတူ အဝိဇ္ဇာ, သင်္ခါရကို မြင်ရလျှင် အတူဖြစ်ဖက် တဏှာ, ဥပါဒါန်, ဘဝကိုလည်း အနီး၌ ပုန်းနေသည်ဟု ရိပ်မိရပါသည်။
(၁၈) မေး - ဇာတိ, ဇရာမရဏဟူသော ဂုဏ်နှစ်ပါးကို ယူလျှင် ဝိညာဏ် စသော ဒြဗ်ငါးပါးကိုလည်း ယူခြင်းသာ ဖြစ်၏။ ငါးပါးဟု ဆို၏။ ဂုဏ်နှစ်ပါးနှင့် ဒြဗ်ငါးပါးကို ပေါင်းလျှင် ခုနစ်ဖြစ်သည် မဟုတ်လော။ အဘယ်ကြောင့် ငါးပါးဖြစ်သနည်း။
ဖြေ - ဂုဏ်အင်္ဂါနှစ်ပါးနှင့် ဒြဗ်အင်္ဂါငါးပါးကို ပေါင်းလျှင် အင်္ဂါအရေအတွက်အားဖြင့်သာ ခုနစ်ပါး ဖြစ်ပါသည်။ ဒြဗ်အားဖြင့်ကား ငါးပါးသာ ဖြစ်ပါသည်။ ဂုဏ်အားဖြင့်ကား နှစ်ပါးသာ ဖြစ်ပါသည်။ သည်နေရာမှာ ဒြဗ်ကို ရည်၍ ငါးပါးဖြစ်ပါသည်။
(၁၉) မေး - ဂုဏ်နှစ်ပါးနှင့် ဒြဗ်ငါးပါး ပေါင်းရာ၌ ၇-ပါးဖြစ်ပုံ၊ ၅-ပါးဖြစ်ပုံ၊ ၂-ပါးဖြစ်ပုံကို ဥပမာဆောင်ပြပါ။
ဖြေ - ဖြူဖြူ, ဝဝ ဂုဏ်နှစ်ပါးရှိသော လူငါးယောက်ဟု ဆိုရာ၌ ဂုဏ်,ဒြဗ်ကို မငဲ့ဘဲ ‘နှစ်’သင်္ချာနှင့် ‘ငါး’သင်္ချာ ပေါင်းလျှင်သာ ‘၇’ ဖြစ်ပါသည်။ လူအရေအတွက်ကား ၅-ယောက်သာ ဖြစ်ပါသည်။ ဂုဏ်အားဖြင့် ‘ဖြူဖြူ’ ‘ဝဝ’ ဂုဏ်နှစ်ပါးသာ ဖြစ်ပါသည်။ ထို့အတူ ဖြစ်ခြင်းဂုဏ်၊ ရင့်၍ပျက်ခြင်း ဂုဏ်နှစ်ပါးရှိသော ဝိညာဏ်စသော ဒြဗ်ငါးပါး၌လည်း သင်္ချာသာ ၇-ခု၊ ဒြဗ်ကား ၅-ယောက်၊ ဂုဏ်ကား နှစ်ပါးသာ ဖြစ်ပါသည်။
(၂၀) မေး - ဂုဏ်ကို ယူလျှင် ဒြဗ်ကိုလည်း ရသည်၊ ဒြဗ်ကို ယူလျှင် ဂုဏ်ကိုလည်း ရသည်ဟု ဆိုရာ၌ ဥပမာဆောင်ပြပါ။
ဖြေ - အညှာရှိသော သစ်သီး၌ အညှာကို ယူလျှင် သစ်သီးကိုလည်း ရပါသည်။ သစ်သီးကို ယူလျှင် အညှာကိုလည်း ရပါသည်။ ထို့အတူ ဂုဏ်နှစ်ပါးရှိသော ဒြဗ်ငါးပါး၌ ဂုဏ်ကို ယူလျှင် ဒြဗ်ကိုလည်း ရပါသည်။ ဒြဗ်ကို ယူလျှင် ဂုဏ်ကိုလည်း ရပါသည်။ [ဖြူဖြူ, ဝဝတို့ လာကြဟု ခေါ်လျှင် ငါးယောက် လာကြပါသည်။ ငါးယောက်လာကြဟု ခေါ်လျှင် ဖြူဖြူ, ဝဝတို့ လာကြပါသည်။ ထို့အတူ ဟူ၍လည်း ဖြေအပ်၏။]
(၂၁) မေး - အဝိဇ္ဇာ, သင်္ခါရကို ယူလျှင် တဏှာ, ဥပါဒါန်, ဘဝကိုလည်း ယူရသည်။ ငါးပါးဟု ဆိုရာ၌ အဘယ့်ကြောင့် ငါးပါးဖြစ်သနည်း။ နှစ်ပါး, သုံးပါး တစ်ခုခု မဖြစ်ပြီလော။
ဖြေ - အဝိဇ္ဇာ, သင်္ခါရကာ ဒြဗ်နှစ်ပါး။ တဏှာ, ဥပါဒါန်, ဘဝကား ဒြဗ်သုံးပါး။ ဤသို့ ဒြဗ်နှစ်ပါးနှင့် ဒြဗ်သုံးပါး ဖြစ်၍ ဖြစ်ချင်းပေါင်းသောကြောင့် ဒြဗ်ငါးပါး ဖြစ်ပါသည်။ နှစ်ပါး, သုံးပါး တစ်ခုခု မဖြစ်ကောင်းပါ။
(၂၂) မေး - ဝဋ်သုံးပါးကို အကြောင်းဝဋ် အကျိုးဝဋ် ခွဲပြပါ။
ဖြေ - ကိလေသဝဋ်, ကမ္မဝဋ်သည် အကြောင်းဝဋ်၊ ဝိပါကဝဋ်သည် အကျိုးဝဋ်ဖြစ်ပါသည်။
(၂၃) မေး - အကြောင်းဝဋ်အဘယ်မျှ အကျိုးဝဋ်အဘယ်မျှ ရှိသနည်း။
ဖြေ - အတိတ်အကြောင်းငါးပါး၊ ပစ္စုပ္ပန်အကြောင်းငါးပါးအားဖြင့် အကြောင်းဝဋ်ဆယ်ပါး ရှိပါသည်။ ပစ္စုပ္ပန်အကျိုးငါးပါး၊ အနာဂတ်အကျိုးငါးပါးအားဖြင့် အကျိုးဝဋ်ဆယ်ပါး ရှိပါသည်။
(၂၄) မေး - သတ္တဝါတို့အား ရှေးဘဝ နောက်ဘဝရှိပုံကို အဘယ်ကို ထောက်ဆ၍ သိနိုင်သနည်း။
ဖြေ - ပုဗ္ဗန္တဘဝစက်၊ အပရန္တဘဝစက် နှစ်ပါးကို ထောက်ဆ၍ သိနိုင်ပါသည်။
(၂၅) မေး - ပုဗ္ဗန္တဘဝစက်၊ အပရန္တဘဝစက်ဟူသော စကား၏ အဓိပ္ပာယ်ကို ရှင်းပြပါ။
ဖြေ - ရှေးအစွန်း ရှေးအစ ရှေးဘဝမှ လည်လာသော စက်ဝိုင်းသည် ပုဗ္ဗန္တဘဝစက် မည်၏။ နောက်အစွန်း နောက်အစ နောက်ဘဝသို့ လည်သွားသော စက်ဝိုင်းသည် အပရန္တဘဝစက် မည်၏။
(၂၆) မေး - အဝိဇ္ဇာကို အဘယ့်ကြောင့် အစစွာ ဟောသနည်း။
ဖြေ - ပဓာနခေါင်းဆောင်ကြီး ဖြစ်သောကြောင့် အဝိဇ္ဇာကို အစစွာ ဟောပါသည်။
(၂၇) မေး - ပဓာနခေါင်းဆောင်ကြီးဖြစ်ပုံကို ရှင်းပြပါ။
ဖြေ - အဝိဇ္ဇာသည် ဒုဂ္ဂတိဘဝသို့ ရောက်ကြောင်း အကုသိုလ်ကံ၏ ခေါင်းဆောင်၊ တဏှာသည် သုဂတိဘဝသို့ ရောက်ကြောင်း ကုသိုလ်ကံ၏ ခေါင်းဆောင် အသီးသီးဖြစ်လျက် အဝိဇ္ဇာသည် တဏှာ၏ ဖြစ်ကြောင်း ခေါင်းဆောင်လည်း ဖြစ်သေးသည်။ ဤသို့ အဝိဇ္ဇာသည် ပဓာနခေါင်းဆောင်ကြီး ဖြစ်ပါသည်။
(၂၈) မေး - နက်ယောင်ပြင်းထန် နက်နဲမှန်ပုံကို ရေလေးမျိုးဖြင့် ရှင်းပြပါ။
ဖြေ - ဖက်ပုပ်အိုင်ရေသည် တိမ်သော်လည်း နက်ယောင် ထင်သည်။ ကြည်လင်သော စမ်းအိုင်ရေသည် နက်သော်လည်း တိမ်ယောင် ထင်သည်။ အိုးခွက်၌ ရေသည် တိမ်လျက် တိမ်ယောင် ထင်သည်။ သမုဒ္ဒရာရေသည် နက်လျက် နက်ယောင် ထင်သည်။ ဤသို့ ရေလေးမျိုး ရှိ၏။ ပဋိစ္စသမုပ္ပါဒ်ကား နက်လျက် နက်ယောင် ထင်သည်။ တစ်မျိုးတည်းသာ ရှိသည်။ လေးမျိုး မရကောင်းပါ။
(၂၉) မေး - ရှစ်ဌာန၌ တွေဝေသော မောဟဟုဆိုရာ၌ ရှစ်ဌာနကို ရေပြပါ။
ဖြေ - ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ၊ ပုဗ္ဗန္တ၊ အပရန္တ၊ ပုဗ္ဗန္တာပရန္တ၊ ပဋိစ္စသမုပ္ပါဒ်၊ ဤကား တွေဝေရာ ရှစ်ဌာနဖြစ်ပါသည်။
(၃၀) မေး - ဒုက္ခသစ္စာ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - ၃၁-ဘုံ ခန္ဓာ နာမ် ရုပ် ဒုက္ခကို သုခဟု မှတ်ထင်ခြင်းသည် ဒုက္ခသစ္စာ၌ တွေဝေခြင်း မည်ပါသည်။
(၃၁) မေး - သမုဒယသစ္စာ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - ဒုက္ခ နာမ်ရုပ်ဖြစ်ကြောင်း တဏှာဟူသော လောဘကို သုခဖြစ်ကြောင်းဟု မှတ်ထင်ခြင်းသည် သမုဒယသစ္စာ၌ တွေဝေခြင်း မည်ပါသည်။
(၃၂) မေး - နိရောဓသစ္စာ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - ဒုက္ခမကင်းသော ဘုံဘဝတစ်ခုခုကို ဒုက္ခကင်းရာ နိဗ္ဗာန်ဟု မှတ်ထင်ခြင်းသည် နိရောဓသစ္စာ၌ တွေဝေခြင်း မည်ပါသည်။
(၃၃) မေး - မဂ္ဂသစ္စာ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - မဂ္ဂင်ရှစ်ပါးမှ တပါးသော အကျင့်ကို နိဗ္ဗာန်ရောက်ကြောင်း အကျင့်ဟု မှတ်ထင်ခြင်းသည် မဂ္ဂသစ္စာ၌ တွေဝေခြင်း မည်ပါသည်။
(၃၄) မေး - ပုဗ္ဗန္တ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - သံသရာ၏ ရှေးအစွန်းဖြစ်သော အတိတ်ဘဝ အတိတ်ခန္ဓာရှိသည်ဟု မသိခြင်းသည် ပုဗ္ဗန္တ၌ တွေဝေခြင်း မည်ပါသည်။
(၃၅) မေး - အပရန္တ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - သံသရာ၏ နောက်အစွန်းဖြစ်သော အနာဂတ်ဘဝ အနာဂတ်ခန္ဓာရှိသည်ဟု မသိခြင်းသည် အပရန္တ၌ တွေဝေခြင်း မည်ပါသည်။
(၃၆) မေး - ပုဗ္ဗန္တာပရန္တ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - သံသရာ၏ ရှေးအစွန်း အတိတ်ဘဝ ခန္ဓာကိုလည်းကောင်း၊ နောက်အစွန်း အနာဂတ်ဘဝ ခန္ဓာကိုလည်းကောင်း နှစ်ခုလုံး၌ ရှိသည်ဟု မသိခြင်းသည် ပုဗ္ဗန္တာပရန္တ၌ တွေဝေခြင်း မည်ပါသည်။
(၃၇) မေး - ပဋိစ္စသမုပ္ပါဒ်၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - အဝိဇ္ဇာကြောင့် သင်္ခါရသာ ဖြစ်သည်၊ သင်္ခါရကြောင့် ဝိညာဏ်သာ ဖြစ်သည်၊ ဤသို့ စသည်ဖြင့် ဝဋ်ဒုက္ခသက်သက် ကြောင်းကျိုးဆက်၍ ဖြစ်သည်ကို ငါဖြစ်သည်၊ သူဖြစ်သည်၊ သူ့ကြောင့် ဖြစ်သည်၊ ငါ့ကြောင့် ဖြစ်သည်၊ ချမ်းသာသည်၊ အစိုးရသည်၊ ငါ့ကိုယ်ငါ့ဟာ ဖြစ်သည်၊ အကြောင်းမရှိ အလိုလိုဖြစ်သည်၊ အလိုလို ပြတ်သည် စသည်ဖြင့် မှတ်ထင်ခြင်းသည် ပဋိစ္စသမုပ္ပါဒ်၌ တွေဝေခြင်း မည်ပါသည်။
(၃ဂ) မေး - ငါးဌာန၌ တွေဝေသူသည် သင်္ခါရသုံးပါးကို ပြုသည်ဟု အဋ္ဌကထာ ဆိုသည်။ ထိုငါးဌာန ရေပြပါ။
ဖြေ - စုတိ၊ ပဋိသန္ဓေ၊ သံသရာ၊ သင်္ခတလက္ခဏာ၊ ပဋိစ္စသမုပ္ပါဒ၊ ဤကား ငါးဌာန ဖြစ်ပါသည်။
(၃၉) မေး - စုတိ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - ရုပ်နာမ်တို့၏ အကြောင်းအားလျော်စွာ ပျက်ခြင်းသည် မရဏ မည်၏။ စုတိ မည်၏။ ဤအနေမျှ သိရမည်ကို သတ္တဝါသေသည်၊ ငါ့သား ငါ့သမီး သေသည်ဟု လွန်ကဲ၍ သိခြင်းသည် စုတိ၌ တွေဝေခြင်း မည်ပါသည်။
(၄၀) မေး - ပဋိသန္ဓေ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - ရုပ်နာမ်တို့၏ အကြောင်းအားလျော်စွာ ဖြစ်ခြင်းသည် ဇာတိ မည်၏။ ပဋိသန္ဓေ မည်၏။ ဤအနေမျှ သိရမည်ကို သတ္တဝါ မွေးဖွား၏။ ငါ့မှာ သားသမီးဖြစ်၏ဟု လွန်၍ ကဲ၍ သိခြင်းသည် ပဋိသန္ဓေ၌ တွေဝေခြင်း မည်ပါသည်။
(၄၁) မေး - သံသရာ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - ခန္ဓာ, အာယတန, ဓာတ်တို့၏ ကြောင်းကျိုးဆက်စပ် မပြတ်ဖြစ်ခြင်းသည် သံသရာ မည်၏။ ဤအနေမျှ သိရမည်ကို သူသူငါငါ သတ္တဝါအပေါင်းသည် တစ်ဘဝမှ တစ်ဘဝသို့ သွား၏၊ လာ၏၊ ကူးပြောင်း၏ စသည်ဖြင့် လွန်၍ ကဲ၍ သိခြင်းသည် သံသရာ၌ တွေဝေခြင်း မည်ပါသည်။
(၄၂) မေး - သင်္ခတလက္ခဏာ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - စိတ်ဟူသော သင်္ခတတရားသည် သိခြင်း လက္ခဏာ ရှိ၏။ စေတသိက်ဟူသော သင်္ခတတရားသည် ထိခြင်း ခံစားခြင်း စသော လက္ခဏာ ရှိ၏။ ရုပ်ဟူသော သင်္ခတတရားသည် ကြမ်းတမ်းခြင်း, ယိုစီးခြင်း, ပူအေးခြင်း, ထောက်ပံ့ခြင်း စသော လက္ခဏာ ရှိ၏။ ဤကား သဘာဝလက္ခဏာ မည်၏။ စိတ်, စေတသိက်, ရုပ်ဟူသော သင်္ခတတရား သုံးပါးလုံးသည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရှိ၏။ ဤကား သာမညလက္ခဏာ မည်၏။ ဤသို့ သဘာဝလက္ခဏာ၊ သာမညလက္ခဏာ နှစ်ပါးကို မသိဘဲ ငါ့ကိုယ်ဖြစ်၏၊ ငါ့ဟာဖြစ်၏၊ ငါဖြစ်၏၊ မြဲ၏၊ တင့်တယ်၏ စသည်ဖြင့် လွန်ကဲ၍ သိခြင်းသည် သင်္ခတလက္ခဏာ၌ တွေဝေခြင်း မည်ပါသည်။
(၄၃) မေး - ပဋိစ္စသမုပ္ပါဒ်၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - မေးခွန်း-၃၇ အဖြေ၌ ဖော်ပြပြီး ဖြစ်၏။
(၄၄) မေး - ငါးဌာန တွေဝေသူသည် သင်္ခါရသုံးပါးကို ပြုသည်ဟု ဆိုရာ၌ ပြုပုံကို ဥပမာဆောင်ပြပါ။
ဖြေ - ခရီးညွှန်ကင်း အလင်းမရ မျက်မမြင် ဒုက္ခိတသည် လမ်းကောင်း လမ်းဆိုး အရမ်းတိုး၏။ ထို့အတူ ငါးဌာနတွေဝေသူသည် ကုသိုလ် အကုသိုလ် အရမ်းတိုး၍ ပုညာဘိသင်္ခါရစသော သင်္ခါရသုံးပါးကို ပြုပါသည်။
(၄၅) မေး - အဘယ်အခါ၌ ထိုမျက်မမြင် ဒုက္ခိတအဖြစ်မျိုးမှ လွတ်မည်နည်း။
ဖြေ - သစ္စာလေးပါးသိသောအခါ၌ အဝိဇ္ဇာအမြစ်ပြတ်၍ မျက်မမြင် ဒုက္ခိတအဖြစ်မျိုးမှ လွတ်နိုင်ပါသည်။
(၄၆) မေး - သင်္ခါရသုံးမျိုး စုံလင်အောင် ခွဲပြပါ။
ဖြေ - ကာမကုသိုလ် စေတနာရှစ်ခု၊ ရူပကုသိုလ် စေတနာငါးခုသည် ပုညာဘိသင်္ခါရ ၁၃-ခု မည်ပါသည်။ အကုသိုလ် စေတနာ ၁၂-ခုသည် အပုညာဘိသင်္ခါရ ၁၂-ခု မည်ပါသည်။ အရူပကုသိုလ် စေတနာလေးခုသည် အာနေဉ္ဇာဘိသင်္ခါရ ၄-ခု မည်ပါသည်။ တနည်းကား - ကာမကုသိုလ်, အကုသိုလ် စေတနာ ၂၀ သည် ကာယဒွါရ၌ ဖြစ်သောအခါ ကာယသင်္ခါရ ၂၀ မည်ပါသည်။ ထို ၂၀ သည် ဝစီဒွါရ၌ ဖြစ်သောအခါ ဝစီသင်္ခါရ ၂၀ မည်ပါသည်။ လောကီကုသိုလ်, အကုသိုလ် စေတနာ ၂၉-ခုလုံးသည် မနောဒွါရ၌ ဖြစ်သောအခါ စိတ္တသင်္ခါရ ၂၉-ခု မည်ပါသည်။
(၄၇) မေး - လောကီဝိပါက် ၃၂-ခုကို သိသာရုံ ရေပြပါ။
ဖြေ - အကုသလဝိပါက် ၇-ခု၊ ကာမကုသလဝိပါက် ၁၆-ခု၊ (ဝါ) အဟိတ်ရှစ်, သဟိတ်ရှစ်, ပေါင်း ၁၆-ခု၊ ရူပဝိပါက် ၅-ခု၊ အရူပဝိပါက် ၄-ခု၊ ဤသို့ လောကီဝိပါက် ၃၂-ခု ဖြစ်ပါသည်။
(၄၈) မေး - သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ရာ၌ ပဋိသန္ဓေဝိညာဏ် ၁၉-ခု ဖြစ်ပုံ ဘုံနှင့် တွဲပြပါ။
ဖြေ - ဥဒ္ဓစ္စကြဉ်သော အကုသိုလ်စေတနာ ၁၁-ခုကြောင့် အပါယ် ၄-ဘုံ၌ ဒုဂ္ဂတိအဟိတ် ပဋိသန္ဓေတစ်ခု ဖြစ်ပါသည်။ ကာမကုသိုလ်စေတနာ ၈-ခုကြောင့် ကာမသုဂတိ ခုနစ်ဘုံ၌ သုဂတိအဟိတ် ပဋိသန္ဓေတစ်ခု, ဒွိဟိတ် ပဋိသန္ဓေ လေးခု, တိဟိတ် ပဋိသန္ဓေ လေးခု, ပေါင်း ၉-ခု ဖြစ်ပါသည်။ ရူပကုသိုလ်စေတနာ ၅-ခုကြောင့် အသညသတ်ကြဉ်သော ရူပ ၁၅-ဘုံ၌ ရူပပဋိသန္ဓေ ၅-ခု ဖြစ်ပါသည်။ အရူပကုသိုလ် စေတနာ ၄-ခုကြောင့် အရူပ ၄-ဘုံ၌ အရူပပဋိသန္ဓေ ၄-ခု ဖြစ်ပါသည်။
(၄၉) မေး - သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ရာ၌ ပဝတ္တိဝိညာဏ် ၃၂-ခုမျှ ဖြစ်ပုံ တွဲပြပါ။
ဖြေ - အကုသိုလ်စေတနာ ၁၂-ခုကြောင့် အကုသလဝိပါက် ၇-ခု ဖြစ်ပါသည်။ ကာမကုသိုလ်စေတနာ ၈-ခုကြောင့် အဟိတ် ၈, သဟိတ် ၈ အားဖြင့် ကာမကုသလဝိပါက် ၁၆-ခု ဖြစ်ပါသည်။ ရူပကုသိုလ်စေတနာ ၅-ခုကြောင့် ရူပဝိပါက် ၅-ခု ဖြစ်ပါသည်။ အရူပကုသိုလ် စေတနာ ၄-ခုကြောင့် အရူပဝိပါက် ၄-ခု ဖြစ်ပါသည်။
(၅၀) မေး - ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်ပုံ ဘုံနှင့် တွဲပြပါ။
ဖြေ - အရူပဝိပါက် ဝိညာဏ် ၄-ခုကြောင့် အရူပ ၄-ဘုံ၌ နာမ်သာ ဖြစ်ပါသည်။ ရှေးကာမဘုံက ပြုခဲ့သော ရူပပဉ္စမဈာန်ကုသိုလ်ကံ ဝိညာဏ်တစ်ခုကြောင့် အသညသတ်တစ်ဘုံ၌ ရုပ်သာ ဖြစ်ပါသည်။ ကြွင်းသော ပဋိသန္ဓေဝိညာစ် ၁၅-ခု, ပဝတ္တိဝိညာဏ် ၂၀-ခုကြောင့် ကြွင်း ၂၆-ဘုံ၌ နာမ်နှင့်ရုပ် ဖြစ်ပါသည်။
(၅၁) မေး - နာမ်ရုပ်ကြောင့် သဠာယတနဖြစ်ပုံ ဘုံနှင့် တွဲပြပါ။
ဖြေ - အရူပ ၄-ဘုံ၌ နာမ်ကြောင့် မနာယတနတစ်ပါးသာ ဖြစ်ပါသည်။ အသညသတ်တစ်ဘုံ၌ ရုပ်ကြောင့် အာယတနတစ်ပါးမျှ မဖြစ်ပါ။ ကြွင်း ရူပ ၁၅-ဘုံ၌ နာမ်ရုပ်ကြောင့် စက္ခာယတန, သောတာယတန, မနာယတန သုံးပါးသာ ဖြစ်ပါသည်။ ကာမ ၁၁-ဘုံ၌ နာမ်ရုပ်ကြောင့် စက္ခာယတန, သောတာယတန, ဃာနာယတန, ဇိဝှါယတန, ကာယာယတန, မနာယတနဟု ၆-ပါး ဖြစ်ပါသည်။
(၅၂) မေး - အာယတန ၆-ပါးကြောင့် အစဉ်အတိုင်းဖြစ်သော ဖဿ ၆-ပါး ရေပြပါ။
ဖြေ - စက္ခုသမ္ဖဿ၊ သောတသမ္ဖဿ၊ ဃာနသမ္ဖဿ၊ ဇိဝှါသမ္ဖဿ၊ ကာယသမ္ဖဿ၊ မနောသမ္ဖဿ၊ ဤကား အစဉ်အတိုင်း ဖဿ ၆-ပါး ဖြစ်ပါသည်။
(၅၃) မေး - ဖဿ ၆-ပါးကြောင့် အစဉ်အတိုင်းဖြစ်သော ဝေဒနာ ၆-ပါး ရေပြပါ။
ဖြေ - စက္ခုသမ္ဖဿဇာဝေဒနာ၊ သောတသမ္ဖဿဇာဝေဒနာ၊ ဃာနသမ္ဖဿဇာဝေဒနာ၊ ဇိဝှါသမ္ဖဿဇာဝေဒနာ၊ ကာယသမ္ဖဿဇာဝေဒနာ၊ မနောသမ္ဖဿဇာဝေဒနာ၊ ဤကား အစဉ်အတိုင်း ဝေဒနာ ၆-ပါး ဖြစ်ပါသည်။
(၅၄) မေး - ဝေဒနာ ၆-ပါးကြောင့် စဉ်တိုင်းဖြစ်သော တဏှာ ၆-ပါး ရေပြပါ။
ဖြေ - ရူပတဏှာ၊ သဒ္ဒတဏှာ၊ ဂန္ဓတဏှာ၊ ရသတဏှာ၊ ဖောဋ္ဌဗ္ဗတဏှာ၊ ဓမ္မတဏှာ၊ ဤကား စဉ်တိုင်း တဏှာ ၆-ပါး ဖြစ်ပါသည်။
(၅၅) မေး - ဖဿကြောင့် ဝေဒနာသုံးပါး ဖြစ်ပုံကို ခွဲပြပါ။
ဖြေ - ဣဋ္ဌာရုံ ဖဿအကောင်းစား တွေ့ထိလျှင် ကိုယ်စိတ်ချမ်းသာသော သုခဝေဒနာ ဖြစ်ပါသည်။ အနိဋ္ဌာရုံ ဖဿအညံ့စား တွေ့ထိလျှင် ကိုယ်စိတ်ဆင်းရဲသော ဒုက္ခဝေဒနာ ဖြစ်ပါသည်။ မဇ္ဈတ္တာရုံ ဖဿအလတ်စား တွေ့ထိလျှင် လျစ်လျူရှုသော ဥပေက္ခာဝေဒနာ ဖြစ်ပါသည်။
(၅၆) မေး - ဝေဒနာကြောင့် တဏှာဖြစ်ပုံကို ရှင်းပြပါ။
ဖြေ - သုခဝေဒနာ-ချမ်းသာစွာ ခံစားရလျှင် အဖန်ဖန် ခံစားလိုသော တဏှာဖြစ်ပါသည်။ ဥပေက္ခာဝေဒနာ-လျစ်လျူရှုကာ ခံစားရလျှင် အညံ့မဟုတ်သောကြောင့် အဖန်ဖန် ခံစားလိုသော တဏှာဖြစ်ပါသည်။ ဒုက္ခဝေဒနာ-ဆင်းရဲစွာ ခံစားရလျှင်ကား ဘယ်အခါ အာရုံကောင်းကောင်း ခံစားရပါအံ့နည်းဟု လှမ်း၍ တောင့်တသော တဏှာဖြစ်ပါသည်။
(၅၇) မေး - အနိဋ္ဌာရုံ အာရုံဆိုးဆိုးကို မထွေးနိုင် မစွန့်နိုင် မြိန်ရှက်စွာ ခံစားနိုင်သလား။
ဖြေ - အနိဋ္ဌာရုံ အာရုံဆိုးဆိုးကို ဒုက္ခဝေဒနာဖြင့် ခံစားရသောအခါ မကျေနိုင် မချမ်းနိုင်၊ ငါ့ကို သင်းတို့ မကောင်းကြံကြတယ်၊ သေခမ်းရှင်ခမ်း ဖြတ်မယ်၊ မကျေဘူးဟဲ့ စသည်ဖြင့် တစ်သက်လုံး မထွေးနိုင် မစွန့်နိုင် မြိန်ရှက်စွာ သေသည်အထိ ခံစားကြတာ လောကမှာ ထင်ရှားပါသည်။
(၅၈) မေး - ဝေဒနာကြောင့် တဏှာသည် သတ္တဝါတိုင်းအား ဖြစ်သလော။
ဖြေ - ရဟန္တာအား ဝေဒနာဖြစ်ခြင်းကြောင့် တဏှာ ဆက်၍ မဖြစ်ပါ။ ပုထုဇဉ်အားသော်လည်း ဗဟုသုတရှိ၍ ယောနိသော မနသိကာရ-သင့်အောင် နှလုံးသွင်းလျှင် တဏှာ မဖြစ်ပါ။ အယောနိသော မနသိကာရ-မသင့်အောင် နှလုံးသွင်းသူတို့အားသာ ဝေဒနာဖြစ်တိုင်း တဏှာ ဆက်၍ ဖြစ်နိုင်ပါသည်။
(၅၉) မေး - ကာမ, ဘဝ, ဝိဘဝ ဟူသော တဏှာသုံးပါးကို ထင်ရှားအောင် ရှင်းပါ။
ဖြေ - ကာမအာရုံ စုံမက်သော တဏှာသည် ကာမတဏှာ မည်ပါသည်။ သဿတဒိဋ္ဌိနှင့်ယှဉ်သော တဏှာသည် ဘဝတဏှာ မည်ပါသည်။ (ဝါ) ရူပဘဝ, အရူပဘဝကို စုံမက်သော တဏှာသည် ဘဝတဏှာ မည်ပါသည်။ ဥစ္ဆေဒဒိဋ္ဌိနှင့်ယှဉ်သော တဏှာသည် ဝိဘဝတဏှာ မည်ပါသည်။ (ဝါ) နိဗ္ဗာန်မဟုတ်ဘဲ နိဗ္ဗာန်ဟု စုံမက်သော နိရောဓတဏှာသည်လည်း ဥစ္ဆေဒဒိဋ္ဌိနှင့်ယှဉ်သော ဝိဘဝတဏှာပင် ဖြစ်ပါသည်။
(၆၀) မေး - ဥပါဒါန်လေးပါးကို ထင်ရှားအောင် ရှင်းပြပါ။
ဖြေ - ကာမအာရုံ၌ စွဲလမ်းသော ကာမတဏှာသည် ကာမုပါဒါန် မည်ပါသည်။ အလှူသည် အကျိုးမရှိ စသည်ဖြင့် စွဲလမ်းသော ဒိဋ္ဌိဆယ်ပါး ဒိဋ္ဌိ ၆၂-ပါးသည် ဒိဋ္ဌုပါဒါန် မည်ပါသည်။ သီလ-တိရိစ္ဆာန်တို့၏ အလေ့ဖြင့် + ဗတ-တိရစ္ဆာန်တို့၏ အကျင့်ဖြင့် + ပရာမာသ-နိဗ္ဗာန်ရသည်ဟု သုံးသပ်သော ဒိဋ္ဌိသည် သီလဗ္ဗတုပါဒါန် မည်ပါသည်။ ရုပ်သည် အတ္တ၊ ရုပ်ရှိသော အတ္တ စသည်ဖြင့် စွဲလမ်းသော သက္ကာယဒိဋ္ဌိ ၂၀ သည် အတ္တဝါဒုပါဒါန် မည်ပါသည်။ စွဲလမ်းသော တဏှာတစ်ခု၊ ဒိဋ္ဌိသုံးခု ဖြစ်ပါသည်။
(၆၁) မေး - သင်္ခါရ ၂၉-ခုနှင့် ဘဝဂါမိကံ ၂၉-ခုတို့တွင် သင်္ခါရ ၂၉-ခုကို ရေပြပါ။
ဖြေ - လောကီကုသိုလ်, အကုသိုလ် စေတနာ ၂၉-ခုသည် သင်္ခါရ ၂၉-ခု မည်ပါသည်။ (ဝါ) ပုညာဘိသင်္ခါရ ၁၃-ခု၊ အပုညာဘိသင်္ခါရ ၁၂-ခု၊ အာနေဉ္ဇာဘိသင်္ခါရ ၄-ခုသည် သင်္ခါရ ၂၉-ခု မည်ပါသည်။ (ဝါ) ကာယသင်္ခါရ ၂၀၊ ဝစီသင်္ခါရ ၂၀၊ စိတ္တသင်္ခါရ ၂၉-ခုသည် သင်္ခါရ ၂၉-ခု မည်ပါသည်။ စေတနာစေတသိက်တစ်ခုသာ သင်္ခါရ မည်ပါသည်။
(၆၂) မေး - ဘဝဂါမိကံ ၂၉-ခုကို ရေပြပါ။
ဖြေ - လောကီကုသိုလ်, အကုသိုလ် ၂၉-ခု၌ ရှိသော စိတ်, စေတသိက်အားလုံးသည် ဘဝဂါမိကံ ၂၉-ခု မည်ပါသည်။
(၆၃) မေး - ဥပပတ္တိဘဝမည်သော ဘဝကြီးကိုးပါးကို ရေပြပါ။
ဖြေ - ကာမဘဝ၊ ရူပဘဝ၊ အရူပဘဝ - သုံးပါး၊ သညီဘဝ၊ အသညီဘဝ၊ နေဝသညီနာသညီဘဝ - သုံးပါး၊ ဧကဝေါကာရဘဝ၊ စတုဝေါကာရဘဝ၊ ပဉ္စဝေါကာရဘဝ - သုံးပါး၊ ဤကား ဥပပတ္တိဘဝမည်သော ဘဝကြီးကိုးပါး ဖြစ်ပါသည်။
(၆၄) မေး - ကာမဘဝဟူသည် အဘယ်နည်း။
ဖြေ - ကာမ ၁၁-ဘုံ၌ ဝိပါက်နာမ် ကမ္မဇရုပ် ဖြစ်ခြင်းသည် ကာမဘဝ မည်ပါသည်။
(၆၅) မေး - ရူပဘဝဟူသည် အဘယ်နည်း။
ဖြေ - ရူပ ၁၆-ဘုံ၌ ဝိပါက်နာမ် ကမ္မဇရုပ် ဖြစ်ခြင်းသည် ရူပဘဝ မည်ပါသည်။
(၆၆) မေး - အရူပဘဝဟူသည် အဘယ်နည်း။
ဖြေ - အရူပ ၄-ဘုံ၌ ဝိပါက်နာမ် ဖြစ်ခြင်းသည် အရူပဘဝ မည်ပါသည်။ ရုပ်မဖြစ်ပါ။
(၆၇) မေး - သညီဘဝဟူသည် အဘယ်နည်း။
ဖြေ - သညီ ၂၉-ဘုံ၌ ဝိပါက်နာမ် ကမ္မဇရုပ် ဖြစ်ခြင်းသည် သညီဘဝ မည်ပါသည်။ နာမ်မဖြစ်ပါ။
(၆၈) မေး - အသညီဘဝဟူသည် အဘယ်နည်း။
ဖြေ - အသညီတဘုံ၌ ကမ္မဇရုပ်ဖြစ်ခြင်းသည် အသညီဘဝ မည်ပါသည်။ နာမ်မဖြစ်ပါ။
(၆၉) မေး - နေဝသညီနာသညီဘဝဟူသည် အဘယ်နည်း။
ဖြေ - နေဝသညီနာသညီတဘုံ၌ ဝိပါက်နာမ်ဖြစ်ခြင်းသည် နေဝသညီနာသညီဘဝ မည်ပါသည်။ ရုပ်မဖြစ်ပါ။
(၇၀) မေး - ဧကဝေါကာရဘဝဟူသည် အဘယ်နည်း။
ဖြေ - ဧကဝေါကာရဘုံ၌ ကမ္မဇရုပ်ဖြစ်ခြင်းသည် ဧကဝေါကာရဘဝ မည်ပါသည်။ နာမ်မဖြစ်ပါ။
(၇၁) မေး - စတုဝေါကာရဘဝဟူသည် အဘယ်နည်း။
ဖြေ - စတုဝေါကာရ ၄-ဘုံ၌ ဝိပါက်နာမ်ဖြစ်ခြင်းသည် စတုဝေါကာရဘဝမည်ပါသည်။ ရုပ်မဖြစ်ပါ။
(၇၂) မေး - ပဉ္စဝေါကာရဘဝဟူသည် အဘယ်နည်း။
ဖြေ - ပဉ္စဝေါကာရ ၂၆-ဘုံ၌ ဝိပါက်နာမ် ကမ္မဇရုပ် ဖြစ်ခြင်းသည် ပဉ္စဝေါကာရဘဝ မည်ပါသည်။
(၇၃) မေး - ဇာတိ,ဇရာ, မရဏသည် ရန်သူသုံးဦးနှင့် တူ၏ဟု အဋ္ဌကထာဆိုသည်။ ရန်သူနှင့်တူပုံ ရှင်းပြပါ။
ဖြေ - ဇာတိသည် တစ်ဘဝမှ တစ်ဘဝသို့ ဆောင်၏။ တောနက်ထဲသို့ ချော့ခေါ်သော ပထမရန်သူနှင့် တူပါသည်။ ဇရာသည် ရောက်ရာဘဝ၌ ချက်ချင်း အိုမင်းရင့်ရော်အောင် နှိပ်စက်၏။ တောနက်ထဲ ရောက်လျှင်ရောက်ချင်း မထနိုင်အောင် ရိုက်သော ဒုတိယရန်သူနှင့် တူပါသည်။ မရဏသည် ဇရာဒုက္ခသင့်သူကို ခန္ဓာပျက်အောင် အသေသတ်၏။ တောနက်ထဲ၌ မထနိုင်သူကို ဦးခေါင်းဖြတ်သော တတိယရန်သူနှင့် တူပါသည်။
(၇၄) မေး - သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ၊ ဤငါးပါးကို အင်္ဂါ၌ အဘယ့်ကြောင့် မပြသနည်း။ ပဋိစ္စသမုပ္ပါဒ်မှ လွတ်သလော။
ဖြေ - သောကစသော ငါးပါးသည် ပဋိစ္စသမုပ္ပါဒ်မှ အလွတ်မဟုတ်ပါ။ ဇာတိ၏ အကျိုးဖျားမျှ ဖြစ်ပါသည်။ အကျိုးရင်း မဟုတ်ပါ။ ထို့ကြောင့် အင်္ဂါ၌ မပြပါ။
(၇၅) မေး - အကျိုးဖျားမျှဖြစ်ပုံ ဖော်ပြပါ။
ဖြေ - သောကစသော ငါးပါးသည် ဇာတိကြောင့်လည်း ဖြစ်ပါသည်။ ဇရာကြောင့်လည်း ဖြစ်ပါသည်။ မရဏကြောင့်လည်း ဖြစ်ပါသည်။ ထိုမှတပါးသော အကြောင်းကြောင့်လည်း ဖြစ်ပါသည်။ ဘုံအားဖြင့် ကာမ ၁၁-ဘုံ၌သာ အမြဲဖြစ်ပါသည်။ ဗြဟ္မာ ၂၀ ၌ မဖြစ်ပါ။ ထို့ကြောင့် ဇာတိ၏ အကျိုးဖျားမျှဖြစ်သည်ဟု ဆိုရပါသည်။
(၇၆) မေး - အဝိဇ္ဇာကြောင့် အကုသိုလ်သင်္ခါရသည် ပဋ္ဌာန်းနည်း အဘယ်ပစ္စည်းသတ္တိဖြင့် ဖြစ်နိုင်သနည်း။
ဖြေ - အဝိဇ္ဇာကြောင့် အကုသိုလ်သင်္ခါရသည် ပဋ္ဌာန်းနည်း ဟေတု, အာရမ္မဏ, အဓိပတိ, အနန္တရ, သဟဇာတ, ဥပနိဿယ, အာသေဝန စသော ပစ္စည်းသတ္တိများစွာဖြင့် ဖြစ်ပါသည်။
(၇၇) မေး - အာရမ္မဏသတ္တိဖြင့် အဝိဇ္ဇာကြောင့် အကုသိုလ်သင်္ခါရဖြစ်ပုံကို ဖော်ပြပါ။
ဖြေ - ရှေးက ဖြစ်ခဲ့ပြီးသော အကုသိုလ် အဝိဇ္ဇာကို စဉ်းစားမိတိုင်း အာရုံပြု၍ လောဘ ဒေါသတို့ ဖြစ်လာသောအခါ အာရမ္မဏသတ္တိဖြင့် အဝိဇ္ဇာကြောင့် အကုသိုလ်သင်္ခါရ ဖြစ်ပါသည်။
(၇၈) မေး - အဓိပတိသတ္တိဖြင့် ဖြစ်ပုံကို ဖော်ပြပါ။
ဖြေ - ရှေးရှေးဖြစ်ပြီး အကုသိုလ် အဝိဇ္ဇာကို “အဖိုးတန်လိုက်တာ၊ သိပ်နေရာကျတာပဲ” စသည်ဖြင့် အလေးပြု၍ သာယာသောအခါ အဓိပတိသတ္တိဖြင့် အဝိဇ္ဇာကြောင့် အကုသိုလ်သင်္ခါရ ဖြစ်ပါသည်။
(၇၉) မေး - ဥပနိဿယသတ္တိဖြင့် ဖြစ်ပုံကို ဖော်ပြပါ။
ဖြေ - ရှေးရှေးဖြစ်ပြီး အကုသိုလ် အဝိဇ္ဇာကို အခြေခံပြု၍ “မည်သည့်ရပ်ရွာမှာ လူမိုက်ဗိုလ်လုပ်ခဲ့တာ ငါကွ” စသည်ဖြင့် နောက်ထပ် လောဘ ဒေါသတို့ ဖြစ်လာသောအခါ ဥပနိဿယသတ္တိဖြင့် အဝိဇ္ဇာကြောင့် အကုသိုလ်သင်္ခါရ ဖြစ်ပါသည်။
(၈၀) မေး - ဟေတုစသော ကြွင်းသတ္တိဖြင့် ကျေးဇူးပြုသောအခါ ဖြစ်ပုံ အကျဉ်းဖော်ပြပါ။
ဖြေ - ဟေတု, သဟဇာတသတ္တိ စသည်ဖြင့် ကျေးဇူးပြုသောအခါ အကြောင်း အဝိဇ္ဇာနှင့် အကျိုး အကုသိုလ်သင်္ခါရသည် ပြိုင်တူ ဖြစ်ပါသည်။ အနန္တရ, အာသေဝနသတ္တိ စသည်ဖြင့် ကျေးဇူးပြုသောအခါ အခြားမရှိ နီးကပ်စွာ ဖြစ်ပါသည်။
(၈၁) မေး - အဝိဇ္ဇာကြောင့် ကုသိုလ်သင်္ခါရ ဖြစ်ရာ၌ သင်ကြားရသောနည်း သုံးနည်းကို ရေတွက်ပြပါ။
ဖြေ - အဝိဇ္ဇာကြောင့် ကုသိုလ်သင်္ခါရ ဖြစ်ရာ၌ အဝိဇ္ဇာကို ရွက်လျက် ဖြစ်ပုံ တစ်နည်း၊ အဝိဇ္ဇာကို ခုန်ကျော်လျက် ဖြစ်ပုံ တစ်နည်း၊ အဝိဇ္ဇာကို နင်းလျက် ဖြစ်ပုံ တစ်နည်း၊ ဤသို့ သုံးနည်း သင်ကြားရပါသည်။
(၈၂) မေး - အဝိဇ္ဇာကို ရွက်လျက် ကုသိုလ်သင်္ခါရ ဖြစ်ပုံ ရှင်းပြပါ။
ဖြေ - သံသရာဘေး မဆင်ခြင် လူနတ်စည်းစိမ်ကို ကောင်းလှပြီ ထင်၍ လိုချင်တောင့်တလျက် ကုသိုလ်ပြုသောအခါ ဥပနိဿယသတ္တိဖြင့် အဝိဇ္ဇာကြောင့် ကုသိုလ်သင်္ခါရ ဖြစ်ပါသည်။ ထိုအခါ အဝိဇ္ဇာကို ဦးခေါင်းထက် ရွက်လျက် ကုသိုလ်ရှင်အား ကုသိုလ်ဖြစ်ပါသည်။
(၈၃) မေး - အဝိဇ္ဇာကို ခုန်ကျော်လျက် ကုသိုလ်သင်္ခါရ ဖြစ်ပုံကို ရှင်းပြပါ။
ဖြေ - မိမိ သူတပါး ပြုခဲ့သော အကုသိုလ်အဝိဇ္ဇာကို “အပါယ်ဘေး သံသရာဘေး အပြစ်ပေးလတ္တံ့”ဟု ဆင်ခြင်၍ ထိုအပြစ်မှ လွတ်ပါစေခြင်းငှာဟု ကုသိုလ်ပြုသောအခါ ဥပနိဿယသတ္တိဖြင့် အဝိဇ္ဇာကြောင့် ကုသိုလ်သင်္ခါရ ဖြစ်ပါသည်။ ထိုအခါ အဝိဇ္ဇာကို ခုန်ကျော်လျက် ကုသိုလ်ရှင်အား ကုသိုလ်ဖြစ်ပါသည်။
(၈၄) မေး - အဝိဇ္ဇာကို နင်းလျက် ကုသိုလ်သင်္ခါရ ဖြစ်ပုံကို ရှင်းပြပါ။
ဖြေ - မိမိပြုမိသော အကုသိုလ်အဝိဇ္ဇာကို ဉာဏ်ဖြင့် သိမ်းဆည်း၍ အနိစ္စ ဒုက္ခ အနတ္တဟု ဝိပဿနာ နိုင်နိုင်နင်းနင်း ရှုသောအခါ အာရမ္မဏသတ္တိဖြင့် အဝိဇ္ဇာကြောင့် ကုသိုလ်သင်္ခါရ ဖြစ်ပါသည်။ ထိုအခါ အဝိဇ္ဇာကို နင်းလျက် ကုသိုလ်ရှင်အား ကုသိုလ်ဖြစ်ပါသည်။
(၈၅) မေး - အဝိဇ္ဇာမကင်း မိုက်မဲခြင်းကြောင့် ကုသိုလ်ပြုသည်ဆိုလျှင် အများအားဖြင့် မကျေနပ်နိုင်။ ထို့ကြောင့် အဝိဇ္ဇာဦးစီးသော အဝိဇ္ဇာရွက်ထားသော ကုသိုလ်ရှင်ကို ဥပမာဖြင့် ရှင်းပြပါ။
ဖြေ - အဝိဇ္ဇာဦးစီးသော ရွက်ထားသော ကုသိုလ်ရှင်သည် ညစ်ကြေးပေလို့ ညွန်အိုင်ရေ ချိုးလျှင် တိုး၍ ညစ်ကြေးပေသလို မိုက်လို့ ဘဝစည်းစိမ် တောင့်တပြီး ကုသိုလ်ပြုလျှင် တိုး၍ မိုက်မဲသွားနိုင်ပါသည်။
(၈၆) မေး - အဝိဇ္ဇာခုန်ကျော်သော ကုသိုလ်ရှင်ကို ဥပမာဖြင့် ရှင်းပြပါ။
ဖြေ - အဝိဇ္ဇာခုန်ကျော်သော ကုသိုလ်ရှင်သည် ညစ်ကြေးပေလို့ ရေကောင်းရေသန့် ချိုးလျှင် ညစ်ကြေးကင်းသွားသလို မိုက်လို့ အမိုက်လွတ်အောင် ခုန်ကျော်၍ ကုသိုလ်ပြုလျှင် အမိုက်အမဲ ကင်းသွားနိုင်ပါသည်။
(၈၇) မေး - အဝိဇ္ဇာနင်းထားသော ကုသိုလ်ရှင်ကို ဥပမာဖြင့် ရှင်းပြပါ။
ဖြေ - အဝိဇ္ဇာကိုနင်းထားသော ကုသိုလ်ရှင်သည် အိုက်လွန်းလို့ ရေအေးအေး ချိုးလျှင် အအိုက်ပျောက်သလို မိုက်လွန်းလို့ အမိုက်ကို နင်း၍ ဝိပဿနာကုသိုလ် နင်းပြုလျှင် အမိုက်ပျောက်သွားနိုင်ပါသည်။
(၈၈) မေး - ကုသိုလ်သည် အဘယ်သို့သောသူအား ဖြစ်သည်၊ အဘယ်သို့သောသူအား မဖြစ်ဟု ပဋိစ္စသမုပ္ပါဒ်နည်းဖြင့် ရှင်းပြပါ။
ဖြေ - အဝိဇ္ဇာရှိ၍ မိုက်ရိုင်းလွန်းသူတို့အားသာ ကုသိုလ်ဖြစ်ပါသည်။ အဝိဇ္ဇာကင်း၍ မမိုက်ရိုင်းသူတို့အား ဘယ်ကုသိုလ်မျှ မဖြစ်ပါ။ ကုသိုလ်အစား ကြိယာသာ ဖြစ်ပါသည်။
(၈၉) မေး - အဝိဇ္ဇာ အမိုက်မရှိသူ ရှိသူတို့ကို ခွဲပြပါ။
ဖြေ - ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာ၊ ဤသုံးယောက်အား အဝိဇ္ဇာအမိုက် မရှိပါ။ ပုထုဇဉ်, သောတာပန်, သကဒါဂါမ်, အနာဂါမ်၊ ဤလေးယောက်အား အဝိဇ္ဇာအမိုက် ရှိပါသေးသည်။
(၉၀) မေး - ဒါန သီလစသော ကောင်းမှုပြုပါလျက် ကုသိုလ်မရသူ ရသူ ခွဲပြပါ။
ဖြေ - ဒါန သီလစသော ကောင်းမှုပြုလျှင် ပုထုဇဉ်မှ အနာဂါမ်အထိ လေးယောက်သာ ကုသိုလ်ရနိုင်ပါသည်။ ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာတို့မှာ ကုသိုလ်မရနိုင်ပါ။ ကြိယာစိတ်ကိုသာ ရနိုင်သည်။
(၉၁) မေး - ကုသိုလ်နှင့် ကြိယာ ထူးခြားပုံကို ဖော်ပြပါ။
ဖြေ - ကုသိုလ်သည် မျိုးအောင်သော သစ်စေ့နှင့် တူပါသည်။ သံသရာထဲ၌ ဇာတိ ဇရာ မရဏ သစ်ပင်ကို ပေါက်ရောက်စေနိုင်ပါသည်။ ကြိယာသည် မျိုးမအောင်သော သစ်စေ့နှင့် တူပါသည်။ သံသရာထဲ၌ ဒုက္ခပင်တို့ကို မပေါက်ရောက်စေနိုင်ပါ။ တနည်းအားဖြင့် အမိုက်မကင်းသူအား ဖြစ်သော ကုသိုလ်သည် အမိုက်ကို ဖျက်ဆီးသော မဂ်လေးပါးဖြစ်အောင် တတ်နိုင်ပါသည်။ အမိုက်ကင်းသူအား ဖြစ်သော ကြိယာသည် အမိုက်ကို ဖျက်ဆီးသော မဂ်လေးပါးဖြစ်အောင် မတတ်နိုင်ပါ။ သို့ရာတွင် မဂ်လေးကြိမ်ဖြင့် အမိုက်ကို ဖျက်ဆီးပြီးသူအား နောင်ဖျက်ဆီးစရာ အမိုက်မရှိတော့ပါ။ မဂ်ဖြစ်ဖို့ မလိုတော့ပါ။
(၉၂) မေး - ကုသိုလ်သည် ဇာတိစသော ဒုက္ခကို ဖြစ်စေသည်ဟူ၍လည်းကောင်း၊ မဂ်လေးပါးဖြစ်အောင် တတ်နိုင်သညဟူ၍လည်းကောင်း မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ဆိုထားသည်။ ပယ်ရမည်လော၊ ကျင့်ရမည်လော။
ဖြေ - ကုသိုလ်ကို မပယ်အပ်ပါ။ ကျင့်ရပါသည်။ ယခုမှ ဇာတိကြောက်လို့ ကုသိုလ်ပယ်သော်လည်း ဇာတိမလွတ်နိုင်သေးပါ။ အကုသိုလ်ကို ပြုလျှင်လည်း ဇာတိဖြစ်နိုင်ပါသည်။ ဇာတိဖြစ်စေသော ကုသိုလ်များကိုလည်း များစွာ ပြုထားပြီး ရှိကြပါသည်။ အကြိမ်ကြိမ် တွေ့ပြီး တွေ့ဆဲ တွေ့လတ္တံ့သော ဇာတိတို့ကို သတိသမ္ပဇညကင်းလျက် အလန့်တကြား မကြောက်သင့်ပါ။ မဂ်လေးပါးဖြစ်အောင် တတ်နိုင်သော ကုသိုလ်ကို အားထုတ်၍ ကျင့်အပ်ပါသည်။ တစ်ကြိမ်မျှ မတွေ့ဖူးသော မဂ်ဖြစ်ပါသည်။ ထိုမဂ်ရလျှင် အဝိဇ္ဇာအမိုက် ကင်း၍ ဇာတိစသော ဒုက္ခမှ အပြီးတိုင် လွတ်ကင်းနိုင်ပါသည်။
(၉၃) မေး - မဂ်နှင့်ဆက်သွယ်လျှင် ဇာတိဘေးရှိသော ကုသိုလ်ကို မပယ်အပ်ပုံ ကျင့်အပ်ပုံကို ဥပမာဆောင်ပြပါ။
ဖြေ - သမုဒ္ဒရာအတွင်း သင်္ဘောပျက်၍ ထောက်တည်ရာ မရသော သူ၏ အနီးသို့ ဆင်သေကောင်ပုပ်ကြီး ရောက်လာသည်ဖြစ်အံ့၊ ပုပ်စော်နံသော ရွံစရာဘေးရှိသော်လည်း ကမ်းပါးအရောက် ယက်သွားနိုင်သည်ဟု သိလျှင် တက်စီးရမည် ဖြစ်ပါသည်။ ထို့အတူ ဇာတိဘေး စသည်ဖြင့် ပုပ်စော်နံ ရွံစရာ ကုသိုလ် ဆင်သေကောင်ပုပ်ကို မဂ်လေးပါး ကမ်းပါးအရောက် ယက်သွားနိုင်သည်ဟု သိသော ထောက်တည်ရာ မရသေးသော အမျိုးကောင်းသားသည် အားထုတ်ကာ တက်စီးရပါသည်။
(၉၄) မေး - ဤဘဝစက်သည် ဇရာ မရဏ၌ မပြတ်ဘဲ အဘယ်သို့ ပြန်၍ ဆက်သနည်း။
ဖြေ - ဇရာ မရဏ၌ မပြတ်ဘဲ သောကစသည်တို့လည်း ဖြစ်ကုန်၏။ ထိုအခါ နုပျိုလို အသက်ရှည်လိုသော ကာမာသဝ စသည်တို့လည်း ဖြစ်ကုန်၏။ အာသဝနှင့် တွဲလျက် အဝိဇ္ဇာလည်း ဖြစ်ပြန်၏။ ဤသို့ ဇရာမရဏကြောင့် အဝိဇ္ဇာဖြစ်၍ အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်သဖြင့် ဘဝစက် ပြန်၍ ဆက်ပါသည်။
(၉၅) မေး - ဤဘဝစက်မှ ထွက်နိုင်အောင် အဘယ်အင်္ဂါကို ဖျက်ရသနည်း။
ဖြေ - ဤဘဝစက်မှ ထွက်နိုင်အောင် အဝိဇ္ဇာနှင့် တဏှာဟူသော မူလ အင်္ဂါနှစ်ပါးကို ဖျက်ရပါသည်။
(၉၆) မေး - ဒါန သီလ စသော ကုသိုလ်ဖြင့် နိဗ္ဗာန်ရပုံကို ရှင်းပြပါ။
ဖြေ - အဝိဇ္ဇာ တဏှာကို အားနည်းအောင် ပြုသော ဒါန သီလစသော ကုသိုလ်သည် ဥပနိဿယသတ္တိဖြင့်လည်းကောင်း၊ အနန္တရသတ္တိဖြင့်လည်းကောင်း မဂ်ကို ဖြစ်စေနိုင်ပါသည်။ ထိုမဂ်သည် နိဗ္ဗာန်ကို အာရုံပြုလျက် အဝိဇ္ဇာ တဏှာကို အမြစ်ဖြတ်ပါသည်။ အဝိဇ္ဇာအကြွင်းမဲ့ချုပ်လျှင် သင်္ခါရချုပ်ခြင်း စသည်ဖြင့်လည်းကောင်း၊ တဏှာအကြွင်းမဲ့ချုပ်လျှင် ဥပါဒါန်ချုပ်ခြင်း စသည်ဖြင့်လည်းကောင်း ဒုက္ခအစု ချုပ်ငြိမ်း၍ နိဗ္ဗာန်ရပုံကို ဟောပါသည်။ အဝိဇ္ဇာ တဏှာကို အားပေးလျက်ဖြစ်သော ကုသိုလ်ဖြင့်ကား နိဗ္ဗာန်မရနိုင်ပါ။
(၉၇) မေး - အဝိဇ္ဇာ တဏှာကို အားပေးသော ဝဋ္ဋနိဿိတကုသိုလ်ထက် ကြောက်ဖွယ်တရား ရှိသေးသလော၊ အဘယ်မှာ ရှိသေးသနည်း။
ဖြေ - ဝဋ္ဋနိဿိတကုသိုလ်သည် အဝိဇ္ဇာ တဏှာ မူလကို အားပေးရုံသာ ဖြစ်ပါသည်။ မူလကား မဖြစ်ပါ။ အကုသိုလ်တရားကား ထိုမူလနှစ်ပါးကို အားလည်းပေးသည်။ မူလလည်း ဖြစ်ပါသည်။ ထို့ကြောင့် ဝဋ္ဋနိဿိတကုသိုလ်ထက် အကုသိုလ်သည် ပို၍ ကြောက်ဖွယ် ဖြစ်ပါသည်။ (ဝဏ္ဍိတမာနီ) ပညာလွန်သူတို့အား အကုသိုလ်ကို အပြစ်များစွာ မဆိုဘဲ ဝဋ္ဋနိဿိတကုသိုလ်ကို ပို၍ အပြစ်များစွာ ဆိုကြပါသည်။
ဤတွင် ပဋိစ္စသမုပ္ပါဒ် အမေး-အဖြေ ပြီး၏။

January 27, 2012 တွင်10:00pm တွင် aungaung ရေးသားခဲ့သော Post အားပြန်လည်မျှဝေပါသည်....

No comments:

Post a Comment