Friday, October 14, 2011

၂၄ ပစ္စည်းအကျဉ်း.....

ဟေတုပစ္စယော

ဟိတ် ၆-ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သောတရား။ တနည်း-- ပညောင်းပင် အစရှိသည်တို့၏ အမြစ်သည် ထိုသစ်ပင်အား မြဲမြံခိုင်ခံ့စွာ တည်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ (ဟိတ် ၆-ပါးသည် သမ္ပယုတ်တရားတို့အား မြဲမြံခိုင်ခံ့အောင် အမြစ်သဖွယ်) ကျေးဇူးပြုတတ်သောတရား။ (ကျေးဇူးပြုသည်ဆိုရာ၌-- မဖြစ်ပေါ်သေးသည်ကို ဖြစ်ပေါ်စေခြင်း၊ ဖြစ်ပေါ်ပြီးကို တည်နေစေခြင်း၊ တည်နေသည်ကို တိုးပွားစေခြင်းတို့ပင်တည်း။)

အာရမ္မဏပစ္စယော

အာရုံ ၆-ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း-- ကြိုးတန်း တောင်ဝှေး အစရှိသည်တို့သည် မစွမ်းမသန်သော သူတို့အား ထခြင်း ရပ်ခြင်း သွားခြင်းကိစ္စကို ပြီးစေသကဲ့သို့ အာရုံသည် စိတ်စေတသိတ်တို့အား ဖြစ်ပေါ်လာစေရန် ကျေးဇူးပြုတတ်သောတရား။

အဓိပတိပစ္စယော

အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သောတရား တနည်း-- စကြ၀တေးမင်းသည် အထွတ်အထိတ် အချုပ်အချာ အာဏာတန်းခိုးဖြင့် တပါးသောသူတို့၏ ကြီးသောသတ္တိကို တားမြစ်၍ တိုင်းနိုင်ငံသူ၊ နိုင်ငံသားတို့အား အကြီးအကဲ အစိုးရသောအဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ (ပစ္စယုပ္ပန်တို့အား အကြီးအမှူးဖြင့်) ကျေးဇူးပြုတတ်သောတရား။

အနန္တရပစ္စယော

အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သေားတရား။ တနည်း-- စကြာဝတေးမင်း၏ နတ်ရွာ လားခြင်းသည် သားကြီး ရတနာအား မင်းအဖြစ် အဘိသိတ်ခံခြင်းငှာ ကျေးဇူးပြုသကဲ့သို့ အခြားမဲ့ အခြားမရှိ (တဆက်တည်း) ကျေးဇူးပြုတတ်သောတရား။

သမနန္တရပစ္စယော

ကောင်းစွာအခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း-- စကြာဝတေးမင်း၏ အရည၀ါသီ တောထွက်တော်မူ၍ ရဟန်းပြုခြင်းသည် သားကြီးရတနာအား မင်းဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ကောင်းစွာအခြားမဲ့ အခြားမရှိ ကျေးဇူးပြုတတ်သောတရား။

သဟဇာတပစ္စယော

အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း-- ဆီမီးသည် မိမိတောက်သည်နှင့် တပြိုင်နက် အတူတကွ အလင်းကို ဖြစ်စေသကဲ့သို့ ထို့အတူ အကြောင်းတရားတို့သည် မိမိတို့ဖြစ်ပေါ်လာသည်နှင့် တပြိုင်နက် ပစ္စယုပ္ပန်အကျိုးတရားတို့ကိုလည်း တပြိုက်နက် အတူတကွ ဖြစ်ပေါ်လာစေအောင် ကျေးဇူးပြုတတ်သောတရား။

အညမညပစ္စယော

အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတတ်သောတရား။ တနည်း-- သစ်သားသုံးခွ တိဒဏ္ဍသည် အချင်းချင်း တစ်ချောင်းသည် တစ်ချောင်းအား ထောက်ပံ့ခိုင်စေခြင်းငှာ အပြန်အလှန် ကျေးဇူးပြုတတ်သောတရား။

နိဿယပစ္စယော

မှီရာ တည်ရာ ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း-- မြေကြီးသည် သစ်ပင်အစရှိသည်တို့အား မှီရာတည်ရာဖြစ်သဖြင့် ကျေးဇူးပြုသကဲ့သို့ မှီရာတည်ရာအဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။

ဥပနိဿယပစ္စယော

အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း-- မိုးတွင်းသုံးလပတ်လုံး ရွာသော မိုးကြီးသည် ထိုမိုးကို မှီကုန်သော သစ်ပင် သတ္တ၀ါ အစရှိသည်တို့အား အားကြီးသော အကြောင်းအဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ (အားကြီးသောအကြောင်းအဖြစ်ဖြင့်) ကျေးဇူးပြုတတ်သောတရား။

ပုရေဇာတပစ္စယော

ရှေး၌ ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း-- ကမ္ဘာဦး၌ဖြစ်သော နေ လတို့သည် မိမိတို့ ထင်ရှားရှိခိုက် အလင်းကိုမှီကုန်သော သတ္တ၀ါတို့အား ရှေး၌ဖြစ်နှင့်၍ ကျေးဇူးပြုသကဲ့သို့ (ရှေး၌ ဖြစ်နှင့်၍) ကျေးဇူးပြုသောတရား။

ပစ္ဆာဇာတပစ္စယော

နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း-- လင်းတငယ်တို့၏ အာဟာရ၌ ချင်ခြင်း စေတနာသည် နောက်မှဖြစ်၍ ထင်းရှားရှိသောကိုယ်အား ကျေးဇူးပြုသကဲ့သို့ နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ အရှင်ဗာကုလ ရဟန္တာလောင်းသည် မွေးခါစ နို့စို့အရွယ် အခါက သမုဒ္ဒရာအလယ်၌ ရေထဲသို့ကျသွားရာ ရေနစ်၍မသေ။ ထိုသို့မသေရခြင်းမှာ နောင်အခါ ရဟန္တာဖြစ်မည့် သတ္တိက အရှင်ဗာကုလအား မသေစေရန် အကျိုးပြုသောကြောင့်တည်း။

အာသေ၀နပစ္စယော

အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ တနည်း-- ရှေးရှေး၌ ထုံအပ်သောနံ့သာသည် နောက်နောက်၌ ထုံအပ်သောနံ့သာအား အဆင်းအနံ့ လွန်စွာတိုးပွားခိုင်မြဲစွာ ဖြစ်ခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ၄င်း၊ ရှေးရှေးသင်အပ်သော ကျမ်းဂန်သည် နောက်နောက် သင်အပ်သော ကျမ်းဂန်အား လေ့ကျက်ခြင်းငှာ အားရှိ၍ ကျေးဇူးပြုသကဲ့သို့ ၄င်း အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။

ကမ္မပစ္စယော

စီရင်ခြင်း သံဝိဓာနကိစ္စနှင့် မျိုးစေ့ဖြစ်စေခြင်း ဗီဇနိဓာနကိစ္စဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း-- ကောင်းစွာ သိုမှီး သိမ်းဆည်းစီရင်အပ်သော မျိုးစေ့သည် အညွန့်အညှောင့်၏ ဖြစ်ခြင်းငှာ အမူအရာ လုံ့လ၏ အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ မျိုးစေ့အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။

ဝိပါကပစ္စယော

အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း-- ချမ်းအေးသော လေသည် ချမ်းအေးသော အရိပ်၌ နေသောသူအား ချမ်းငြိမ်းစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ကံတို့၏ အကျိုးအဖြစ်ဖြင့် (ငြိမ်းသက်သည်ဖြစ်၍) အထောက်အပံ့ပြုမှုဖြင့် ကျေးဇူးပြုသတ်သောတရား။

အာပာာရပစ္စယော

ထောက်ပံ့ခိုင်ခံ့စေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း-- ထောက်ကန်သောတိုင်သစ်သည် အိမ်အဟောင်းအား မြဲမြံခိုင်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ (ထောက်ပံ့တတ်)ဆောင်တတ်သောအဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။

ဣန္ဒြိယပစ္စယော

အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း-- တစ်နိုင်ငံ တစ်ပြည်တည်း၌ အသီးသီးဆိုင်ရာ ကိစ္စတာဝန်ကို ပေးအပ်ခံရသည့် အစိုးရသောလက်အောက်ခံ မင်းတို့သည် (အချင်းချင်း ထိုအစိုးရသော သတ္တိကို မဖြစ်မူ၍) မိမိတို့၏ တာဝန်အရာ၌ အစိုးတရ ပိုင်ပိုင် နိုင်နိုင် ဆောင်ရွက်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ အစိုးရသည်၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။

ဈာနပစ္စယော

ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။ တနည်း-- တောင်ဖျား သစ်ပင်ဖျားသို့ တတ်၍ ကြည်သောသူသည် အဝေးအနီး အရပ်တို့ကို မြင်ခြင်း၊ ထိုမြင်ခြင်း၌ အလိုရှိသောသူအား ကျေးဇူးပြုသကဲ့သို့ ကပ်၍ရှုတတ်သော အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။

မဂ္ဂပစ္စယော

ထွက်မြောက်ကြောင်း နည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း-- ဤမှာဘက်မှ ထိုမှဘက်သို့ ကူးသောသူသည် ဤမှာဘက်မှ ထွက်မြောက်ကြောင်း ဖြစ်သကဲ့သို့ ၎င်း၊ ထိုမှာဘက်မှ ဤမှာဘက်သို့ ကူးလိုသောသူသည် ထိုမှာဘက်မှ ထွက်မြောက်ကြောင်း ဖြစ်သကဲ့သို့၎င်း ဘ၀တစ်ခုမှ ဘ၀တစ်ခုသို့ ဆောင်ပို့ ထွက်မြောက်ကြောင်း အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။

သမ္ပယုတ္တပစ္စယော

ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း-- နို့ရည်၊ ထောပတ်၊ ပျား၊ သကာဟူသော စတုမဓူ အရသာသည် အချင်းချင်း နှီးနှောရော ပြွမ်းသောအားဖြင့် ကျေးဇူးပြုသကဲ့သို့ အတူတကွ ယှဉ်ခြင်းဖြင့် ကျေးဇူးပြုတတ်သောတရား။

ဝိပ္ပယုတ္တပစ္စယော

မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း-- ခြောက်ပါးသော အရသာသည် အချင်းချင်း မနှီးမနှော မရော ပြွမ်းသောအားဖြင့် ကျေးဇူးပြုသကဲ့သို့ မနှီးမနှော မယှဉ်ခြင်းဖြင့် ကျေးဇူးပြုတတ်သောတရား။

အတ္ထိပစ္စယော

ပစ္စုပ္ပန်၌ ထင်ရှာရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ တနည်း-- ဟိမ၀န္တာတောင်မင်းသည် မိမိကိုမှီသောအားဖြင့် သစ်ပင် မြက်ပင် စသည်တို့အား ပြန့်ပွားစေခြင်းငှာ မိမိထင်ရှားရှိနေခြင်းအားဖြင့် ကျေးဇူးပြုသကဲ့သို့ ထင်ရှားရှိသော အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။

နတ္ထိပစ္စယော

မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း-- ညဥ့်၏ ကင်းခြင်းသည် နေ့ဖြစ်ခြင်းငှာ ကျေးဇူးပြုသကဲ့သို့၎င်း ဆီမီး၏ ငြိမ်းခြင်းသည် အမိုက်မှောင်ဖြစ်ခြင်းငှာ ကျေးဇူးပြုသကဲ့သို့၎င်း မရှိသောအဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။

ဝိဂတပစ္စယော

ကင်းမဲ့ချုပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ တနည်း-- နေ၏ ၀င်ခြင်းသည် လရောင်လင်းစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ကင်းချုပ်သည်၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။

အ၀ိဂတပစ္စယော

မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ တနည်း-- မဟာသမုဒ္ဒရာသည် မိမိကို မှီကုန်သော ငါးမကာရ်း အစရှိသည်တို့၏ ပီတိ သောမနဿ ပွားခြင်းငှာ မိမိ၏မကင်းသော အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ မကင်းသည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။ 
အောက်တိုဘာလ 8, 2011 3:47pmတွင်မျိုးနိုင်လင်း မှတင်ပြသောဘလော့ပို့(စ်)အားဓမ္မဒါနအဖြစ်ပြန်
လည်မျှဝေလိုက်ပါသည်.....

No comments:

Post a Comment