“ဇီဝိတံ ဗျာဓိ ကာလောစ ဒေဟနိက္ခေပနံ ဂတိ
ပဉ္စတေ ဇီဝလောကသ္မိံအနိမိတ္တာန န ရယေ”
ဒီဂါထာရဲ့ အဓိပ္ပါယ်က ပုထုဇဉ်လူသားတို့ အနေနဲ့ ကြိုတင်ပြီး နိမိတ်ဖတ် မသိအပ်နိုင်တဲ့ အခြင်းအရာ အကြောင်းတရား ငါးပါးရှိပါတယ်။အဲဒါက ဘာတွေလဲလို့ဆိုတော့
၁။ဘယ်အသက်အရွယ်ရောက်ရင်သေမလဲ။
၂။ဘယ်ရောဂါ ဝေဒနာဖြစ်ပြီးသေမလဲ။
၃။ဘယ်အချိန်ကာလမှာသေမလဲ။
၎။ဘယ်သချုင်္ိင်းမှာခေါင်းချရမလဲ။
၅။သေပြီးရင် ဘယ်ဘုံကိုရောက်မလဲဆိုတဲ့ အခြင်းအရာငါးပါးပါ။ မှန်ပါတယ်။
၁။အားလုံးသောပုဂ္ဂိုလ်သတ္တဝါများအနေနဲ့မိမိဘယ်အသက်အရွယ်ရောက်ရင် သေရမည်ဆိုတာကို ကြိုတင်ပြီး မသိနိုင်ပါဘူး။အသက်ကြီးမှသေမှာလား၊အသက်ငယ်ငယ်နဲ့သေမှာလား၊အသက်အလယ်အလတ်ပိုင်း ရောက်ရင်သေမှာလား။ ဆိုတဲ့အချက်ကိုဘယ်သူမှကြိုတင်ပြီးမသိနိုင်ပါဘူး။ဒါကြောင့်အားလုံးသော ပုဂ္ဂိုလ်များဟာဘယ်အရွယ်ရောက်မှ ကုသိုလ်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်မထားသင့်ပါဘူး။ အခုအချိန်ကစလို့ပြုလုပ်သင့်ပါတယ်။ ကုသိုလ်အလုပ်များကိုမလုပ်ခင်သေသွားနိုင် တယ်ဆိုတဲ့အချက်ကိုသတိထားသင့် တယ်လို့ဆိုရမှာပါ။
၂။နောက်ဘယ်ရောဂါနဲ့သေရမလဲဆိုတဲ့အချက်အရ သေလွန်တဲ့အခါဘယ်လိုရောဂါနဲ့သေမလဲဆိုတဲ့အချက် ကိုလည်း ကြိုတင်ပြီး မသိနိုင်ပြန်ဘူး။ဆိုလိုတာ နှလုံးရောဂါနဲ့သေမှာလား၊ကင်ဆာရောဂါနဲ့သေမှာလား အဆုတ်ရောဂါနဲ့သေမှာလား၊ အိပ်ခ်ျအိုင်ဗွီရောဂါနဲ့သေမှာလား စတဲ့ဘယ်လိုရောဂါနဲ့သေမယ်ဆိုတာကို ကြိုတင်ပြီးမသိနိုင်ပါဘူး။နှလုံးရောဂါရှိနေသူကလည်း နှလုံးရောဂါနဲ့သေချင်မှသေမယ်။အခြားရောဂါနဲ့လည်း သေနိုင်ပါတယ်။ကင်ဆာရောဂါရှိနေသူကလည်း ကင်ဆာရောဂါနဲ့သေချင်သေမယ်။အခြားရောဂါနဲ့လည်း သေသွားနိုင်ပါတယ်။ကင်ဆာရောဂါရှိနေသူက ကင်ဆာရောဂါနဲ့ပဲသေမယ်လို့ မုချတွက်ဆလို့မရပြန်ပါဘူး။ ရုတ်တရက် အခြားရောဂါတစ်ခုခုကြောင့် သေသွားနိုင်တယ်လို့ဆိုချင်တာပါ။
၃။ဘယ်အချိန်ကာလမှာသေရမလဲ ဒါကိုလည်းကြိုတင်ပြီးမသိနိုင်ပြန်ဘူး။ဘာလို့လဲဆိုတော့ သေခြင်းတရား မှာ ကာလအချိန်ကန့်သတ်ချက်မရှိလို့ပါ။မိမိသေချင်တဲ့ အချိန်ကာလမှာ သေချင်မှသေမှာ။သေချင်ချိန် ရောက်ရင် ညကာလ၊နေကာလ၊မနက်ကာလ ရွေးနေမှာမဟုတ်ဘဲ ဘယ်လိုကာလမဆိုသေသွားနိုင်ပါတယ် ငါကတော့ မနက်ကာလလေးမှာသေချင်။ငါကတော့ ညကာလရောက်မှသေချင်တယ် စတဲ့ ကာလကို ရွေးချယ်လို့မရဘူး။သေချိန်ရောက်ရင် ညကာလပဲဖြစ်ဖြစ်၊နေ့ကာလပဲဖြစ်ဖြစ်၊မိုးတွင်းကာလပဲဖြစ်ဖြစ်၊နွေ ကာလပဲဖြစ်ဖြစ်သေမှာပါ။
၎။ဘယ်သချုင်္ိင်းမှာခေါင်းချရမလဲဆိုတဲ့အချက်က အလွန်ပင် သံဝေဂယူဖွယ်ရာအချက်ဖြစ်ပါတယ်။တစ်ချို့ မြန်မာပြည်မှာမွေးပြီး နိုင်ငံခြားမှာသေသွားတာတွေရှိတယ်။ဦးဇင်းတို့ ကိုယ်တွေ့လေးတစ်ခုပေါ့။လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ မြန်မာနိုင်ငံမှာမွေးတယ်။ သြဇီမှာ အလုပ်လုပ်ရင်း အိန္ဒိယကို ဘုရားလာဖူးတဲ့ သားမိ သုံးယောက်ပါ။တကယ့်အဖြစ်ပျက်လေးပါ။အဲလို ဘုရားဖူးလာတုန်း ဒကာမကြီးက ဝမ်းရောဂါနဲ့ဆုံးသွားပါ တယ်။ကျန်တဲ့ သားအဖနှစ်ကတော့ ဒကာမကြီးအတွက် အလှူငွေတွေလှူတန်းသွားသလို ဒုလ္လဘ ရဟန်း လည်းဝတ်သွားပါတယ်။ပြောချင်တာက မြန်မာပြည်မှာမွေးပြီး မြန်မာပြည်မှာရှိတဲ့ သချုင်္ိင်းမှာ ခေါင်းချချင်မှ ခေါင်းချရတာပါ။အခြားနိုင်ငံခြားမှာသေရင် နိုင်ငံခြားက သင်္ချိုင်းမှာ ခေါင်းချရတယ်ဆိုတာသိစေချင်တာပါ။ ရန်ကုန်မှာမွေးတဲ့သူကလည်း ရန်ကုန်မှာရှိတဲ့သင်္ချိုင်းမှာ ခေါင်းချချင်မှာ ခေါင်းချရမှာပါ။အခြားတစ်နေရာကို သွားလို့သေသွားနိုင်ပြီး အခြားတစ်နေရာမှာရှိတဲ့ သချုင်္ိင်းမှာ ခေါင်းချနိုင်ပါတယ်။ဒါကြောင့် မြတ်စွာဘုရားက ဘယ်သင်္ချိုင်းမှာခေါင်းရမည်ကိုလည်းမသိနိုင်ဘူးလို့ ဟောတော်မူခြင်းဖြစ်ပါတယ်။
၅။သေဆုံးပြီးတဲ့အခါ ဘယ်ဘုံဘယ်ဘဝကိုရောက်မလဲဆိုတာ မသိနိုင်ပြန်ဘူး။သောတာပန်တည်ပြီးသော ပုဂ္ဂိုလ်နဲ့ အရိယာပုဂ္ဂိုလ်တွေအဖို့တော့ သေဆုံးပြီးရင် အပါယ်လေးပါးကိုတော့ မရောက်နိုင်ပေမယ့် ပုထုဇဉ် များအနေနဲ့တော့ ရောက်နိုင်တဲ့ဘုံတွေကတော့ သုဂတိလည်းရောက်နိုင်တယ်။ ဒုက္ခတိဘုံဆိုတဲ့ မကောင်း တဲ့ဘုံကိုလည်းရောက်နိုင်ပါတယ်။ဂတိမြဲတဲ့ ကုသိုလ်များဖြစ်တဲ့ အပါယ်လေးပါကလွတ်မြောက်ကြောင်း ကုသိုလ်များပြုလုပ်ထားတဲ့သူတွေ၊ကောင်းမှုကုသိုလ်များမှာ အမြဲတန်းဝတ်ထားပြီးပြုလေ့ရှိတဲ့သူများက တော့ အများအားဖြင့်တော့ သေခါနီးအချိန်မှာ မိမိပြုလုပ်ခဲ့တဲ့ကောင်းမှုကုသိုလ်များကို နှလုံးသွင်းမိရင် ကောင်းတဲ့ဘုံကိုရောက်နိုင်တယ်လို့ဆိုရမှာပါ။မကောင်းတဲ့ အကုသိုလ်တရားများကို နှလုံးသွင်းမိရင်တော့ မကောင်းတဲ့ဘုံကိုရောက်မယ်လို့ဆိုရပါမယ်။သေခါနီး မိမိနှလုံးသွင်းပေါ်မူတည်ပြီး ရောက်သင့်ရောက်ထိုက် တဲ့ဘုံကိုရောက်မှာပါ။ ပုထုဇဉ်တစ်ယောက်သေခါနီးအချိန်မှာ ကံ၊ကမ္မနိမိတ်၊ဂတိနိမိတ် ဆိုပြီး သုံးချက်ပေါ် မှာပါ။ကံဆိုတာက မိမိပြုလုပ်ထားတဲ့ ကုသိုလ်ကံ အကုသိုလ်ကံပါ။ကုသိုလ်ကံကို အမြဲတန်းပြုနေသူက ကုသိုလ်ဘက်မှာအားသာနေတဲ့အတွက် ကုသိုလ်ကံတွေဖြစ်လာပါလိမ့်မယ်။ ကမ္မနိမိတ်ဆိုတာက ဆိုပါစို့။ မိမိအနေနဲ့ ဆွမ်း၊သင်္ကန်း၊ကျောင်း စတဲ့ကောင်းမှုတွေကို ပြုလုပ်ခဲ့တယ်ဆိုရင် သေခါနီးအချိန်ရောက်တော့ ကမ္မနိမိတ်အနေနဲ့ ဆွမ်း၊သင်္ကန်း။ကျောင်း၊ တံခွန်၊ပန်းမန် စတဲ့အရာတွေပေါ်ပါလိမ့်မယ်။အဲဒါကိုကမ္မနိမိတ် လို့ခေါ်တာပါ။ဂတိနိမိတ်ဆိုတာက ထိုကုသိုလ်ကံ၊ထိုကုသိုလ်ကံရဲ့နိမိတ်ကြောင့် နောက်ဘဝလားရမယ့် ဂတိကိုဆိုတာပါ။ လူဘဝကိုရောက်မယ့်ပုဂ္ဂိုလ်က အမိဝမ်းရေကိုမြင်ရသလို၊နတ်ပြည်ရောက်မယ့်လူက နတ်သမီး ဗိမာန် ပဒေသာပင်တွေကိုမြင်ရပါလိမ့်မယ်။အဲဒါကို ဂတိနိမိတ်လို့ခေါ်တာပါ။
အကုသိုလ်ကံများကို ပြုလုပ်လေ့ရှိသူက အကုသိုလ်ကံများကို နှလုံးသွင်းမိပါလိမ့်မယ်။အဲဒါကို ကံတွေ ဖြစ်တယ်လို့ခေါ်ပါတယ်။သူတစ်ပါးအသတ်သတ်ခြင်း၊သူဥစ္စာခိုးခြင်းစတဲ့ကံတွေက အကုသိုလ်ကံတွေပါ။ အဲဒါတွေသေခါနီး နှလုံးသွင်းမိ၊စဉ်းစားမိတာကိုပဲ ကံ ပေါ်တယ်လို့ဆိုလိုတာပါ။နောက်ကမ္မနိမိတ်ကျတော့ သူတစ်ပါး အသက်သက်ထားတဲ့သူက သတ်စဉ်အခါက အသုံးပြုခဲ့တဲ့ ဓား၊လှံ၊လက်နက်ပုံပန်းသဏ္ဍာန်တွေ ပေါ်လာတာကို ကမ္မနိမိတ်ပေါ်တယ်လို့ခေါ်ပါတယ်။ထိုအကုသိုလ်ကံ၊အကုသိုလ်နိမိတ်တွေပေါ်လာပြီး ဂတိ နိမိတ်အနေနဲ့ ခွေးနက်ကြီး၊ငရဲအိုး၊ငရဲထိန်း၊တော၊တောင် စတဲ့ လားရမယ့် နေရာဌာနတွေပေါ်လာတာကို ဂတိနိမိတ်ဖြစ်ပေါ်လာတယ်လို့ခေါ်ပါတယ်။ထိုထိုဂတိနိမိတ်တွေကြောင့် သေခါနီးလူများမှာ အချို့ ကယ်ပါ ယူပါ ဆိုပြီးအသံနက်ကြီးတွေနဲ့အော်တာကို ကြားဖူးကြမြင်ဖူးကြမှာပါ။ဒါကမကောင်းတဲ့ဘုံကိုရောက်မယ့်သူ လို့ပြောလို့ရပါတယ်။ ဒါကြောင့်သေခါနီး အချိန်လေးက အတော်ပင် အရေးပါလှပါတယ်။သေခါနီးအချိန်မှာ ကောင်းတဲ့ အရာကိုနှလုံးသွင်းမိပါမှ ကောင်းတဲ့ဘုံကိုရောက်မှာပါ။မိမိပြုလုပ်ထားတဲ့ ကုသိုလ်ကံများကို သေခါနီးအချိန်နှလုံးသွင်းမိအောင် ဂရုစိုက်ဖို့လိုပါတယ်။ ဘာမှနှလုံးသွင်းမရတော့ရင် ရတနာသုံးပါး ဂုဏ်များကို နှလုံးသွင်း၊အာရုံပြုစေလိုပါတယ်။မိမိပြုထားတဲ့ကုသိုလ်များကို မမေ့လျော့စေဘဲ သေခါနီးထိ ယူပြီးနှလုံးသွင်းတတ်အောင် လေ့ကျင့်တတ်ဖို့လိုပါတယ်။ထိုသို့အာရုံပြုနိုင်ဖို့ဆိုတာလည်း ကုသိုလ်ကံများ ကို ကြိုတင်ပြီးပြုလုပ်ဖို့လိုအပ်လှကြောင်း၊ဒါနဖြစ်စေ။သီလဖြစ်စေ၊ဝိပဿနာဖြစ်စေ ကောင်းမှုများကို အချိန်ရရင် ရသလောက် လုပ်ထားဖို့လိုအပ်လှကြောင်း၊သေခါနီးအချိန်မှာ ဝေဒနာတွေပြင်းထန်လို့ တရားမှတ်လို့မရတော့ရင် မြတ်စွာဘုရား၊အပါအဝင်ဂုဏ်တော်များကိုရွတ်ဖတ်ခြင်း၊နှလုံးသွင်းခြင်း၊ရှိခိုးခြင်း စတဲ့ ကောင်းမှုကုသိုလ်ကံများကို နှလုံးသွင်းသင့်ကြောင်း အသိပေးရေးသားလိုက်ရပါသည်။
အဖြစ်ပြန်လည်မျှဝေလိုက်ပါသည်.....
No comments:
Post a Comment