ဇာတိမလာရေးနှင့်နိဗ္ဗာန်အမြင်-၁၀ (ပိုင်းလော့ဆရာတော်)
တရားကျင့်မည့်သူတို့ အဓိက သိရန်
---------------------------------------
အရှုခံဖြစ်တဲ့ နံပါတ် (၂) အကွက်သည် ဘုရားရှင် ဉာဏ်တော် နဲ့ အခက်ခဲဆုံး ကျက်စားခဲ့တဲ့ အလုပ် ၊ဒါ ကိုဘုန်းဘုန်းတို့ ဘုရားဟော အတိုင်းပြန်သင်ရမှာ။ ဒီလိုသင်တဲ့အခါ အဘိဓမ္မာကျမ်းကို အခြေခံရတယ်။ အဘိဓမ္မာကျမ်း ဟာ မပါလို့ မရဘူး။
ဘုရားက အမိန့်ရှိပြီးသား။ ဒါဟာ ငါဘုရားကိုယ်စား ထားခဲ့တာလို့နော်။ စာပေ ကျမ်းဂန်ကို လက်လွှတ်လို့မရဘူး။ စာမတတ် လို့လည်းမဖြစ်ဘူး။ တတ်စရာ မလိုဘူးလို့ပြောတဲ့ ပုဂ္ဂိုလ်ဟာ အမှားပဲ။ အရေးကြီးတယ်နော်။ ဒါတွေဟာ ဘုရားဟောတွေပဲ၊ အဓိက ကျမ်းဂန်တွေကို အခြေခံရတယ်နော်။ ဘုရားရှင်ကိုယ် တော်မြတ်ကြီးကို အာနန္ဒာ မထေရ် က မေးတယ်။ အရှင်ဘုရား… ဘုရားမရှိတဲ့နောက်မှာ (အိန္ဒိယ ဆိုတာ သိတဲ့အတိုင်းပါပဲ )။ ကျင့်စဉ်တွေအများကြီးပေါ်လာ လိမ့်မယ် ဘုရားတဲ့။ ရှုပ်ယှက်ခတ် ကုန်မှာ သိတယ်နော်။
ဒီတော့ဘယ်ကျင့်စဉ်ဟာ ဘုရားဟော အစစ်ဆိုတာကို တပည့်တော် တို့ခံယူရင် ကောင်းမလဲ ဘုရားလို့ အရှင်အာနန္ဒာ မထေရ်က ကြိုမေးထားတယ်။ ဘုရားရှင် က အာနန္ဒာတဲ့ ၊ ဘယ်နေရာ ကလာလာ ၊ဘယ် ကမ္မဋ္ဌာန်းရိပ်သာ ကလာလာ ၊ပြောချင်တာက ဘယ်လောက် နာမည်ကြီး ပစေ ပေါ့နော်။
သူတို့ နိုင်ငံ မှာ အစုံရှိတာကိုး။ ဒီလိုလာပြီး နည်းပေးပါစေ။ သူပေးတဲ့နည်းတွေကို ချက်ချင်းလည်း မငြင်းလိုက်ပါနဲ့။ ချက်ချင်းလည်း လက်မခံလိုက်ပါနဲ့တဲ့။ လက်ခံပြီးတော့လည်း မကျင့်နဲ့။ ငြင်းလည်း မငြင်းနဲ့ အုံးတဲ့။ ငါဘုရားဟောခဲ့တဲ့ ကျမ်းစာတွေ ရှိတယ်။
သုတ္တံရယ် ၊ဝိနည်း နဲ့ အဘိဓမ္မာ ရယ် ရှိတယ်။ ညီတယ် ဆိုရင် ငါဘုရားတရားလို့မှတ်ပြီး ကျင့်ပါတဲ့။ မညီရင် မကျင့်ပါနဲ့တဲ့နော်။ နားလည်ပြီနော် ။ ဝိပဿနာလည်းသည် အတိုင်း မှတ်ရမယ်။ ကျမ်းနဲ့ညီမှ ဝိပဿနာဖြစ်ရမယ်။ မညီ ရင် မမှန်ဘူးလို့မှတ်လိုက်ပါ။ ရဲရဲတင်းတင်းပဲ ကိုင်ရလိမ့်မယ်။
အခု ဘုန်းဘုန်း တို့ကြည့်ရမှာ ကျမ်းနဲ့ အညီ နိဗ္ဗာန် ဆိုတာဘာလဲဆိုတော့ နိ-ဝါန ။ ဒါဟာကျမ်းနဲ့ ညီ ပြီးသား။ သူက တဏှာ မရှိ ခြင်းသဘော ၊တဏှာ မရှိဘူးဆိုတော့ တဏှာ မရှိအောင်လည်း ရှေ့မှာပေါ်တဲ့ အာရုံအသိမှာ စိတ်-စေတသိတ် ရုပ်တွေ ပေါင်းစပ်ထားတယ် ဆိုတာ သိရင် ဒီ အာရုံအပေါ်မှာ အမှန်သိရင် တဏှာ မရှိဘူး။
အမှန်သိဘို့ အရေးကြီးတယ်။ အဲဒါကို သမ္မာဒိဋ္ဌိခေါ်တယ်။ မဂ္ဂင် ခေါင်းဆောင်ဆိုတာ အမြင်မှန်ကိုပြောတာ။ တစ်နည်းအားဖြင့် ဒီ ငါး ခုဟာ ဝိဉာဏ်၊ နာမ် ရုပ်၊ သဠာယတန၊ ဖဿ ၊ဝေဒနာ အဲဒီ ငါးခုကို တစ်နည်းအားဖြင့် ခန္ဒာငါးပါးလို့ခေါ်တယ်။ ဘယ်လိုခေါ်လဲ ခန္ဓာ ငါးပါး ပါဘုရား။ ) အဲဒီ ခန္ဓာငါးပါး ဆိုတဲ့ စကား မှာပဲလည်တော့တာပဲ။ ခန္ဓာ ဆိုတဲ့စကားရှေ့မှာခံထားတော့ လူတွေ မျက်စိလည် နေကြတယ်။
********************************************************************
ခန္ဓာရှင်းတမ်း
------------------
ဘုန်းဘုန်းမေးမယ် ၊ ခန္ဓာဆိုတာ မြန်မာစကားလို့ ထင်မနေဘူးလား။ (ထင်ပါတယ်ဘုရား)။ မဟုတ်ဘူး။ ပါဠိစကားပါ ။ ခန္ဓာဆိုတာ အပေါင်းအစုလို့ အဓိပ္ပါယ်ရတယ်။ အစုမှန်ရင် ခန္ဓာလို့သုံးတယ် ။ပြတယ်။ အဘိဓာန်ကျမ်းမှာ ခန္ဓာ = အစုအပေါင်းလို့ပြတယ်။
ဥပမာ== ဓမ္မက္ခန္ဓာ ဆိုတာ ကြားဘူးတယ်နော် ။ တရား အစုတဲ့ ဘယ်လိုဟာလဲလို့ ဆရာတော်ကြီးများမေးကြည့်တော့ မင်္ဂလသုတ်မှာ ဆိုရင် ( ပဋိရူပ ဒေသ ဝါသောစ ၊ ပုဗ္ဗေစ ကတ ပုညတာ အတ္တ သမ္မာ ပဏီဓိစ ----ဧတံမင်္ဂလ မုတ္တမံ) ဆိုရင် တစ်စု ၊အဲဒါကို တစ်ခန္ဓာ ခေါ်တယ် ။
ဂါထာလေးတွေ စုထားတယ် မဟုတ်လား။ အဲဒီလို တစ်ခန္ဓာလေးတွေ တစ်ခန္ဓာလေးတွေကို စုပြီး ဘုရားဟောထားတာ (၈၄၀၀၀) ရှိတယ်တဲ့။ ဒီတော့ခန္ဓာဆိုတဲ့စကားသည် အပေါင်းအစု မှန်ရင် သုံးခွင့်ရှိတဲ့စကား။
ဒီကိုယ်လုံးကြီး ကလည်းခန္ဓာပဲ ဆံပင် ကနေ ကျင်ကြီး ကျင်ငယ်အထိ အကုန်ပါပါတယ်။ ၃၂ပါးသော ကောဋ္ဌသတွေ ပေါင်းစုထားတာ ၊ ထသွားရင်ရော ကွဲ ပါ့မလား ( မကွဲပါ ဘုရား..) ဟုတ်တယ်။ ဒါကြောင့်ခန္ဓာလို့ပြောတာ။ ၂- အကွက် ဒုက္ခသစ္စာတဲ့ ၊ ခန္ဓာ ငါးပါးဆိုတာ ဒီကိုယ်လုံးကြီးကိုပြောတာ မဟုတ်ပါဘူး။ဒီဘက်က ငါးပါးအစုကိုပြောတာပါ။
ဒီကိုယ် လုံး ကြီးနဲ့ ဒီငါးပါး ရောရင်တောာ့မ ရဘူး။ ဒီကိုယ် လုံးကြီးကို ခန္ဓာ ငါးပါးထင်ရင်လွဲပြီ။ မိုးကုတ်ဆရာတော် ဘုရားကြီး က အချို့ကျမ်းတွေမှာ ခန္ဓာ ငါပါး တုံးကြီးလို့ သုံးတယ်။ တကယ်တမ်းဆရာတော် ဘုရားကြီးသုံးတဲ့အခါကျတော့ ဒီလိုမဟုတ်တော့ဘူး။
အာရုံဒွါရ မွေးတဲ့ ခန္ဓာ လို့သုံးသွားတယ်။ ခင်ဗျားတို့ တရားရှုပါဆို တော့ ကျုပ်က ရှုခိုင်းတာ က ခွေးဟောင်တဲ့ခန္ဓာကို ရှုခိုင်းတာ မဟုတ်ဘူး လိုလဲ သုံးသွားတယ်။ တချို့ကျမ်းတွေမှာ ဆရာတော်ဘုရားက ခန္ဓာငါးပါးတုံးလို့ သုံးတဲ့ အခါ သုံးတယ်။ အဓိက လိုရင်းကို နောက်ပိုင်းမှာဟောသွားတာက နည်းနည်းတော့ ဉာဏ်ကစားရမယ်နော်။ ရှေ့ပိုင်းဟောသွားတာနဲ့မတူဘူး။
နောက်ပိုင်းခန္ဓာဝန်ချကာနီး ဟောတဲ့တရားတွေက တအားမြင့်တယ်။ ခန္ဓာ ငါးပါးတုံးလို့ မသုံးတော့ပဲ အာရုံ-ဒွါရမွေးတဲ့ ခန္ဓာ ၊ ခွေးမဟောင်တဲ့ ခန္ဓာ လို့ခေါ်တယ်။ ဒါဟာ ဒီ ခန္ဓာ ငါးပါးကို ရှုခိုင်းတာပဲ။ ဒီခန္ဓာငါးပါးနဲ့ ဒီကိုယ်လုံးကြီးဟာ မတူဘူး။ တူတယ် ထင်ရင် မှားလိမ့်မယ်။ နားလည်ပြီလား။ (မှန်ပါ့ဘုရား..)။
စဉ်စား စကားကို က ခန္ဓာချုပ်တာ မြင်ရင် နိဗ္ဗာန်၊ ခန္ဓာ နိရောဓော နိဗ္ဗာန် ဆိုတော့ စဉ်းစား၊ မသေခင် မှာမြင်ရမဲ့ နိဗ္ဗာန် ဖြစနေတာကိုး ။ ဒါကြီးသေမှ မြင်မယ်ဆိုရင် ဟုတ်ပါ့မလား။(မဟုတ်ပါဘူး ဘုရား..)။ သဘောပေါက်ပြီနော်။
မသေခင် ထဲက နိဗ္ဗာန် မြင်ရမယ်လို့ ပြောထားတယ် မဟုတ်လား ၊ဒီတော့ခန္ဓာ နိရောဓ ကို တွေ့မှ မသေခင် နိဗ္ဗာန်တွေ့ မှာပေါ့ ။ တွေ့ လိုတယ်နော်။
ဒါဖြင့် ဒီ ခန္ဓာသည် ဘယ်လို သဘော ပေါ်သလဲဆိုတောာ့ အာရုံ ဒွါရ တိုက်ချိန်မှာ ပေါ်တာ။ အဲဒီ အချိန်ကို ဘုရားက ဘဝလို့ ခေါ်တယ်နော်။
သစ္စာသည် ဒုက္ခသစ္စာ လို့ ခေါ်တယ်။ အဲဒီ ခန္ဓာ ကို ဘုန်းဘုန်း တို့သဘော ပေါက်အောင် မှတ်ရမှာနော်။
ဇာတိမလာရေးနှင့်နိဗ္ဗာန်အမြင် ( ၁၁ )
အာရုံသိ ခန္ဓာငါးပါးသည် ဘဝတစ်ခုလုံးရဲ့ ဖွားသေ၊
++++++++++++++++++++++++++++++++++++
သူသည် ဘဝတစ်ခုလုံးပဲဆိုတာကိုလည်းနားလည် ရမယ်။ အာရုံမသိရင် အိပ်ပျော်နေတဲ့ ချိန်ကို ဘုရားက ဘဝမြုံတယ်လို့ အမိန့်ရှိတယ်။ အိပ်ပျော်ချိန်မသိဘူး။ ဘဝမြုံတယ်တဲ့။ သေခါစ ခန္ဓာ ကိုယ်လုံးကြီး ရှိတယ်။ စဉ်းစားပါ။ အာရုံတွေသိပါ့မလား။ (မသိပါဘူး ဘုရား…)။
ဒါဖြင့် အဲဒီ ပုဂ္ဂိုလ်ကို ဘဝရှိတယ် ပြောမလား မရှိဘူးပြောမလား၊ မရှိပါဘူးဘုရား။ ဘာကြောင့်လဲဆိုတော့ သူ့မှာ အာာရုံသိမလာတော့လို့ ဒီခန္ဓာ မရှိတော့ဘူး။ဒါမရှိရင် ကိုယ်လုံး ကြီး ရှိသော်လည်း ဘဝ မရှိဘူး။
ကိုယ်လုံးကြီး ကတော့ မသာဖြစ်ခါစ ဒီ အတိုင်းပဲ ။
အိပ်ပျော်လည်း ဒီ အတိုင်းပဲ သဘောပေါက်ရဲ့လား။သူ့ကို ဘဝ မယူ ဘူးနော်။ ဒီအာရုံသိကိုသာ ဘဝယူရမှာနော်။ ပြန်ပြောမယ်။ နည်းနည်းတော့ စဉ်းစားရမယ်။ ဘုရား တရားတော် ဟာ အလွန်နက်ရှိုင်းတယ်။
ဒီကိုယ်လုံးကြီးတွေ အိပ်ပျော်သွားပြီ ဆိုပါတော့။ ခြင်ကိုက်ရင် သိပါ့မလား။ (မသိပါဘူး ဘုရား)။ ဒါဖြင့် ဘဝဆိုတာ သည် ဒီကိုယ်လုံးကြီး လို့ယူတာ မဟုတ်တာတော့ သေချာသွားပြီ။ ဒီခန္ဓာ ငါးပါး အစုံကိုသာ
ဘဝလို့ယူရမှာ။ သဘောပေါက်ပြီလား။ အဲဒီ ငါးခုပေါင်းတော့ မှ အသိပေါ်လာတာကို ဘဝလို့ ယူရမှာနော်။ ဒါကိုသာ ဘုရားက ဒုက္ခသစ္စာလို့ခေါ်တာ။ လိုရင်းက အဲဒါပဲ။ ဘဝ အစစ် ကအဲဒါပဲ။
ဘဝဆိုတဲ့အသိပေါ်တာကို ဖွားမြင်တယ်ခေါ်တယ်။ အသိပျောက်သွားတာကို ဘဝသေတယ်လို့ခေါ်တယ်။ အဲဒါမှ ဖွားသေအစစ်၊ နားလည်ကြပြီလား။ အသိလေးဖြစ်ပေါ်တာကို ဘဝလို့ခေါ်တာ၊ ဇာတိဖြစ်လိုက်တာ၊ ပျောက်သွားတာက ဇရာ မရဏ ဖွားသေ ။ ဘဝရဲ့ဖွားသေဆိုတာ (သူ- သူ့ကိုတကယ်တွေ့နေရမှာ) အသံကြားလိုက်တယ်။
မနောပေါ်တယ်ဆိုရင် ဒီမှာလည်း ဖွားသေ ဒီမှာလည်း ဖွားသေပြီးရင်ပျောက်သွားတယ်။ ဒါဆို ဘဝ မရှိတော့ဘူး။ သိသဘော လေးပေါ်တာ ဖွားသေပဲ။ ဘဝတစ်ခုလုံးနော်။ အစိတ်အပိုင်းမယူနဲ့။
ဘဝ တစ်ခုလုံးယူရမှာ။ ကိုယ့်ဘဝ တစ်ခုလုံးရဲ့ ဖွားသေ ဟာ ကြားသိကြံသိ အသက်ရှူတယ်၊ ထိသိ မနောမှာ ကြံသိ၊ အဲဒီ အသိလေးပျောက်သွားတဲ့ ဖွားသေဟာ ဘဝတစ်ခုလုံးရဲ့ ဖွားသေဆိုတာကို ဆုံးဖြတ်ချက် ရဲရဲချ နားလည် ပြီနော်။
အဲဒီလို ဆုံးဖြတ်ချက် ကျပြီဆိုရင်တော့ ဘုန်းဘုန်း ရဲရဲအာမခံတယ်။ တရားရပြီလို့။ ဘုရားအလိုကျရောက်ပြီ။
ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင် -၁၁ (ပိုင်းလော့ဆရာတော်)
ဗုဒ္ဓ အဘိဓမ္မာ-ခန္ဓာဖြစ်ပေါ်ပုံ
--------------------------------
ဒါဖြင့်အာရုံသိသဘော ဆိုတဲ့ဘဝ ဟာ ဘယ်လို ပေါင်းစပ်ဖြစ်ပေါ်တယ် ဆိုတာကို ဘုရားဟော အဘိဓမ္မာကျမ်း နဲ့အကျဉ်း ဆုံးနားလည်အောင် သင်ရအောင် အဘိဓမ္မာ ကျမ်းဆိုတာ အားလုံးသိတဲ့အတိုင်းပါပဲ။ ကျယ် လည်းကျယ် ဝန်းတယ်။ နက်လည်း နက်ရှိုင်း တယ် နော်။ အတတ်နိုင်ဆုံးကြိုးစားပြီးတော့ ဒါကို ခြုံသင်ပေးမယ်နော်။
နှုတ်တစ်ရာ စာတစ်လုံး ၊ စာတစ်ရာ၊ ပုံတစ်ချပ် တဲ့။ ရှေးစကားရှိတယ်။ ဒါကြောင့်မို့ ပုံစံနဲ့သင်တာဟာ ပိုပြီးခရီးရောက်တယ်လို့ မှတ်ပါ။
အဓိက ပရမတ္ထ တရားသည် ဘယ်နှစ်ပါးရှိလဲဆိုတော့ လေးပါးရှိတယ်။ စိတ်ရယ် ၊ စေတသိတ်ရယ်၊ ရုပ် ရယ်၊ နိဗ္ဗာန် ရယ် ဒါပဲရှိတယ် မဟုတ်လား။ဒါသည် တကယ့် အရှိတရားနော်၊ စိတ် စေတသိတ်မှာ တစ်ခါ အာရုံသိ ဖြစ်တဲ့အခါ ဒါတွေ ဘယ်လို ပါသ လဲကြည့်ရ အောင်နော်။
အာရုံဒွါရတိုက်ချိန်မှာ (ဒီပဲရင်းဆရာတော်ဘုရားကြီး အဆုံးအမ ကို ယူရအောင်၊ မိုးကုတ် ဆရာတော် ဘုရားရဲ့ အဆုံး အမ ဟောစဉ် လဲပါရမှာပဲ။ခုလို ဝါရင့်ဆရာတော် တွေရဲ့ အဆုံး အမ တွေ ပေါင်းစုပြီး ပါတော့ ပိုမကောင်းဘူးလား)၊ (ကောင်းပါတယ် ဘုရား)။
ပုဂ္ဂိုလ်စွဲ မထားနဲ့နော်။ ( တစ်ပါးတည်း ဉာဏ် နဲ့ သုံးတဲ့အခါ ၊ စကားလုံးရွေးတာ အားနည်းတဲ့အခါ နည်းသွားတတ်တယ်။)ဒီပဲရင်း ဆရာတော်ဘုရားကြီးလည်း ရဟန္တာလို့ သမုတ်တာပဲ ၊ ရွှေကျင်သာသနာပိုင် ကြီးနော်။)
(အာရုံသိပေါ်တာဟာကွယ် ကျောက်ခဲနှစ်လုံးကို အားနဲ့ခတ်သလို ပဲတဲ့။ ) အာရုံသိ ဖြစ်ပေါ်ပုံကို အကျဉ်းဆုံးနည်းနဲ့ ပြခဲ့တယ် မှတ်ပါ။ တခြားနည်းနဲ့ ပြမယ်ဆိုရင် အကြာကြီးပြရလိမ့်မယ်။
အဘိဓမ္မာ ကျမ်းသာချပြရရင် အကုန် အိပ်ငိုက်ကုန်မယ်။ နောက် သုံးနာရီနဲ့မပြီးဘူး။ ဒါကို ကျဉ်းလိုက်တာနော်။ အာရုံသိသဘောပေါ်တာသည် ကျောက်ခဲနှစ်လုံး ကို အားနဲ့ခတ် သလို ပဲတဲ့။ ကျောက်ခဲနှစ်လုံးကို အားနဲ့ ခတ်လိုက်ရင် မီးလေးပွင့်သွားတယ် မဟုတ်လား။ (တင်ပါ့ဘုရား)။
အာရုံဒွါရ တိုက်တဲ့ အချိန် ။ အဲဒီလို တိုက်တဲ့အချိန်မှာ စိတ်စေတသိတ် တွေ ဖြစ်ခွင့်ရသွားတယ်တဲ့။ တစ်ပေါင်းတည်း ဖြစ်ခွင့်ရတယ်။ ပုံစံနဲ့နားလည် ရမယ်နော်။ ဒီလို ပေါင်း လောင်သွားလို့ ဖြတ်ခနဲပေါ်တာကို ဖဿ လို့ခေါ်တယ်။
ဖဿ ဆိုတာ ပေါင်းလောင်တာပဲ ၊ ပေါင်းလောင် တယ် ဆိုတဲ့စကား တခြားက ရတာ မဟုတ်ဘူး။လယ်တီ ဆရာတော်ဘုရားဆီကရတာ မှတ်။ (ခြောက်ပါး ဖဿ ဖြန်းဖြန်းထလျက်) ဆိုတာ လျှပ်စစ်လက် သလိုပဲပေါ့။ လောင်တာပဲပေါ့နော်။ဒီဘက်က အာရုံဖြစ်မယ်ဆိုရင် ဒီဘက်က ဒွါရဖြစ်မယ်။ အာရုံ ဒွါရ ဆိုတာကို မျက်စိ လည်ချင် လည် လိမ့်မယ်။
ဒီ ဘက်က အသံဖြစ်ခဲ့သော် ဒီဘက်နားကဖြစ်မယ် သဘောပေါက်တယ်နော်။ အာရုံ -ဒွါရ တိုက်တဲ့အချိန် ။ အဲဒီ အချိန်ကျမှ ရုပ်တွေပေါင်းလောင်တာနဲ့တပြိုင်နက် ဝေဒနာ၊ သညာ၊ သင်္ခါရ ဝိဉာဉ် လေးခုသည် ပေါင်းစုခွင့် ရတယ်တဲ့။ ဝိဉာဉ် ဆိုတာသည် ဘယ် ကလာလဲဆိုတော့ သူသည် စိတ်၏ အမည် ဖြစ်နေပါတယ်။
အဘိဓမ္မာ မှာ ဝေဒနာ ၊ သညာ။ သင်္ခါရ သည် စေတသိတ်ရဲ့ အမည် ဖြစ်နေပါတယ်။ ဘယ် က လာလဲဆိုတော့ စိတ်တစ်ချက်ပေါ်ရင်ပါပြီးသားတဲ့။
ဖျတ်ကနဲ ပေါ်တဲ့အခါ ဒီမှာ ပေါ်တယ် ဆီလာပေါ်တာတဲ့။ သူ့အလိုလို ပေါ်ခွင့်မရဘူးနော်။ ပင်မစိတ်က ဒါနော်။ အာရုံဖြစ်တဲ့ စေတသိတ်က ဒါတွေပဲတဲ့။
နောက် ၅၂-ပါးရှိတယ် ဆိုတာ ဝေဒနာ မှာ -၁၊ သညာ မှာ ၁၊ သင်္ခါရမှာ ၅၀ လို့ ခွဲလိုက်တယ်။ တစ်ပေါင်းတည်းနော်။ ပင်မစိတ်က တစ်ခုတည်းပါတာ။ တစ်ပေါင်းတည်းဖြစ်တာ ။ သူ့အလိုလို လည်း စိတ် တစ်စိတ်တည်းပေါ် မနေဘူး။
အာရုံဒွါရ တိုက်ချိန်မှာ သာဖြစ်ပြီး တစ်ပေါင်းတည်းပါသွားတာ ။ ဒီတော့မှ သိ ဆိုတဲ့သဘော တရား ဖြစ်လိုက်တာ။ဆိုင်ရာ အာရုံသိပေါ့နော်။ နားမှာ ဆိုရင် အသံအာရုံသိ ဖြစ်လိုက်တာယ်။ မျက်စိမှာ ဆိုရင် အဆင်းအာရုံသိ၊ နှာခေါင်းမှာ ဆိုရင် အနံ့ အာရုံသိ၊ လျှာမှာ ဆိုရင် အရသာအာရုံသိ၊ ကိုယ် မှာ ဆိုရင် အတွေ့ထိ အာရုံသိ၊ စိတ်မှာ ဆိုရင် ဓမ္မာရုံ အာရုံသိ ဖြစ်လိုက်တယ်။ အဲဒါဟာ အဘိဓမ္မာ ရဲ့ အနှစ်သာရပဲ။
------------------------------------------------------------------------------------------------------------
အာရုံသိသဘော ခန္ဓာငါးပါးကို ရှုမှတ်ရန် နည်းပေး ပုံ
------------------------------------------------------------
ဒီတော့ ပရမတ္ထတရား ရုပ်ကို ဘာသာပြန်တဲ့အခါ ဖောက်ပြန်မှု သဘောတဲ့ ၊ ဥပမာ နဲ့ သွားမှ ပိုလွယ် မယ်။ ရုပ်ကို ဘုန်းဘုန်းတို့ရှုတဲ့အခါ ဖောက်ပြန်တဲ့သဘောလို့ရွတ်လို့ မရဘူး။ ရုပ်လို့ ရွတ်ပြို မရှု ရဘူး။
ရှုတဲ့အခါ ရုပ်က ဒီလို မတွေ့ဘူး။ ရုပ်လို့ မပြောဘူး။ သူက ရေမြှုပ်လို ပြတယ်။ ရေမြှုပ်လို ဖြစ်နေတယ်တဲ့။ ဘယ်လို ရေမြှုပ်လဲဆိုတော့ အချိုရည် ပုလင်းတွေကို ဖန်ခွက်ထဲဖောက်ထည့်တဲ့အခါ အမြှုပ် မထဘူးလား။ ( ထပ်တယ် ဘုရား)။
လေ ဘောလုံး လေးတွေ လိုပဲနော်။ ကြည့်ရင်းနဲ့ပျောက်မသွားဘူးလား။ (ပျောက်သွားပါတယ် ဘုရား)။ အဲဒီ အတိုင်းတွေ့ရမယ်။ ဟုတ်မဟုတ်ကြည့်ရအောင် ။ မနောမှာ အာရုံသိကို ရုပ်ဘက် ကကြည့်ရမယ်နော်။
ဘုန်းဘုန်း က သစ်ကုလားအုပ် လို့ ပြောလိုက်မယ်။
ဘုန်းဘုန်းပြောလိုက်တဲ့ အသံကို နားကနေ ကြားလိုက်ရတယ်။ ကာလ မခြား မနော မှာ ပေါ်တယ် နော်။ လည်ပင်းရှည် နဲ့ သစ် ကုလားအုပ် ကြီးလို့ပြောလိုက်တယ်။ ကြားလိုက်တယ် နော် ။ (တင်ပါ့ဘုရား။)
ဒီကဖွဲ့လိုက်တော့ ပုံရိပ်ပေါ်မလာဘူးလား။ (ပေါ်ပါတယ် ဘုရား)။ အဲဒါကို နောက်စိတ်အာရုံက အဖြေမှန် ထုတ်ကြည့်လိုက်ပါ။ ပျောက်မသွားဘူးလား။ (ပျောက်သွားပါတယ်ဘုရား)။ ရေမြှုပ်လိုပဲ။ သဘောပေါက်ရဲ့လား။ ပျောက်သွားတာ အမှန်နော်။ရပြီနော်။
နောက်ဥပမာ==(ကိုယ်နေတဲ့အိမ် ) ဆိုရင် မကြားလိုက်ဘူးလား။(ကြားပါတယ်ဘုရား)။ အိမ်ပုံဖေါ်လိုက်တယ်။တဖြည်းဖြည်း ပျောက်မသွားဘူးလား။ (ပျောက်သွားပါတယ်ဘုရား)။ ရေမြှုပ်လိုပဲ။ သဘောပေါက်တယ်နော်။ အချိုရည် ပုလင်းထဲမှာ ရှိတဲ့ ရေမြှုပ်လေး ဟာလဲ တဖြည်းဖြည်းပျောက်မသွားဘူးလား။ (ပျောက်သွားပါတယ်ဘုရား)။
အဲဒီ အချိန်မှာ ကျွန်တော် ဟာ ခင်ဗျားရဲ့ အိမ်လို့ ပြောရဲ့လား။ (မပြောပါဘူး ဘုရား)။ စကားမပြောဘူးနော်။ ပညတ် စကားလုံးလည်းမရှိ။ ပုံသဏ္ဍန် ပညတ် လဲမရှိ။ အထည် ပညတ်လဲမရှိပဲ ပျောက်သွားတယ်။ တချက်ရပြီနော်။
ဝေဒနာ ဘက်က ကြည့်မယ် ဆိုရင်လည်း ဝေဒနာလို့မရှုရဘူးတဲ့ ၊နာတယ် ကျင်တယ် လို့မရှုရ ဘူးတဲ့၊ ဘယ်လိုရှုရလဲဆိုတော့ သေသေချာချာ မှတ်ပါ။ ရေပွက်လို တွေ့ရတယ်တဲ့။ နာတာ ကျင်တာ မဟုတ်ဘူးနော်။ ခံစားမှု သဘောလို့လည်း မယူနဲ့၊ ဒါက နားလည် အောင်ပြောတာ ။
တကယ်တွေ့ ရတာက ရေပွက်လို တွေ့ ရတာနော်။ နာတယ် နာတယ် ဆိုတဲ့ စကားနဲ့ မတွေ့ဘူးနော်။ အဲဒီလိုဆိုတွေ့ မှာ မဟုတ်ဘူး။ရေပွက်လိုတွေ့မှ ဝေဒနာ ကိုတွေ့မှာတဲ့ သဘောပေါက်ပြီလား။ပူတယ် အေးတယ်လို့မကြည့်ရဘူးနော်။ တကယ် ကြည့်ရင် ဘုရား ကရေပွက်လို တဲ့။
ဥပမာ====ထမင်းအိုးတည်တဲ့အခါ ၊ဆူတဲ့အခါ ပွက်မလာဘူးလား။ (ပွက်လာပါတယ်ဘု ရား) ။ ဒီလို ပွက်ပြီးရင်ပျောက်မသွားဘူးလား။ (ပျောက်သွားပါတယ်ဘုရား။)
ထိဆိုရင် သိလိုက်တာ နဲ့ ပျောက်သွားတယ်။ဝေဒနာ ဘက်ကလည်း ရေပွက်လိုပဲ ပျောက် သွားတယ် တဲ့။ နားလည်ပြီနော်။ သညာဘက်ကကြည့်ရင် တံလျှပ်လို တွေ့ရမယ်တဲ့ ။ မှတ်သား တယ်လို့ မတွေ့ရဘူး။ မျတ်သားဆိုတာ စကားလုံးသက်သက် တံလျှပ်လိုတွေ့ရမယ်တဲ့။
သင်္ခါရ ဘက် ကကြည့်ရင် ငှက်ပျောတုံးလိုတွေ့ရမယ်တဲ့ ။ အနှစ်မရှိဘူးတဲ့။ ငှက်ပျော တုံးကို တစ်ဖတ်စီခွာလိုက်၊ နောက်ဆုံးပိတ်ကိုင်စရာ ကျန်ပါ့မလား။ )(မကျန်ပါဘူးဘုရား)။ အဲဒီ အတိုင်း မှတ်ရမယ်တဲ့။
ဝိဉာဉ် ဘက် ကကြည့်ရင် မျက်လှည့် လိုတွေ့ရမယ်တဲ့၊ တကယ် မဟုတ်ဘူးလို့ သိရမယ်။ သိ ဆိုတဲ့ အရာမှန်သမျှဟာ ခန္ဓာငါးပါးလို့မှတ်ပါ။
ဥပမာ=== ငါးမျက်နှာ အံစာတုံးလို ငါးဖက်က လှည့်ကြည့်နေတာ။ ငါးမျိုးလုံး တပြိုင်နက် ကြည့် လို့ မရဘူးနော် ။ သိဆိုရင် ပေါ်တဲ့အခါ တစ်မျိုးတည်းကြည့်ရမှာ ။ ရှုတဲ့အခါ တစ်မျိုးတည်းပဲ ကြည့်ရမှာနော်။ ဘုရားရှင် နည်းပေးခဲ့ပြီးသား ။ အဲဒီထဲမှာ အများဆုံး ဘုရားဟောပြီး ရဟန္တာ တာက သညာဘက်ကများတယ်နော်။
ကျမ်းအရကြည့်တာ တော် တော် များများက သညာဘက်ကနေကြည့်လို့ ရဟန္တာ တာများတယ်တဲ့။ တံလျှပ်လိုမြင်တာ အရှင်း ဆုံး ပဲ။
ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင်-၁၂ (ပိုင်းလော့ဆရာတော်)
တံလျှပ်ပမာ(ဘဝ)-ခန္ဓာ
------------------------
တံလျှပ်ဆိုတာ မြင်ဘူးတဲ့သူတွေ လည်းရှိတယ်။ တချို့ ကျ တော့မမြင်ဘူးဘူး။ သမင် တစ်ကောင် သွားရင်း ညဘက် မျက်စိလည်သွားတယ်တဲ့။ မနက်ကျတော့ သဲကန္တာရ ဘက်ကို ရောက်သွားတယ်။
နေကပူလေ ရေ က ငတ်လာလေပဲ။ ဒီလိုသွားရင်းနဲ့ နေကပူလွန်းတော့ အငွေ့ထလာတယ်။ အပူရှိန်က အငွေ့ထလာတော့ အဝေး ကကြည့်ရင် အနိမ့်အမြင့်နေရာလေးတွေက ရေအိုင်လို့ထင်ရတယ်။ သဘောပေါက်တယ်နော်။
(ကတ္တရာ လမ်းတွေကိုလည်းသတိမထားမိလို့ ၊ နွေဆို အနိမ့်အမြင့် နေရာလေးတွေမှာ ရေလို့ မှတ်ထင်ရတယ်။ အနားသွားကြည့် မရှိတော့ဘူး)။ သမင်လေးကလဲ အနိမ့်အမြင့် နေရာကို ရေရျိတယ် မှတ်လို့ပြေးတယ်။ အနားရောက်ရင် ပျောက်သွားပြန်ရင်းနဲ့ ပဲနော်။
အနားဝန်းကျင်ကို ကြည့်လိုက်တော့လည်း ဒီ အတိုင်းပဲ။ နောက်ဆုံးပိတ် သေသာသွားရော ၊ရေမတွေ့ဘူး။ လူတွေဟာလည်း အဲဒီ ဥပမာ လိုပဲတဲ့။ ပင်ပန်းနေကြရတယ် တံလျှပ်ရေထင်ပြီး လိုက်တဲ့အခါ
( လိုက်လေ- လိုက်လေ ငတ်မပြေသည် ၊ပန်းခြေ လက်ကျ ရှိတုံစွာ သို့) လို့ပြတယ်။
ဒီတော့ ဘုန်းဘုန်း တို့ဟာ တွေးသမျှ အတွေးတွေကု အကောင်ထင်တာဟာ ဆံလျှပ်ကို ရေထင်သလိုပဲ ဟုတ်မဟုတ် စဉ်းစားကြနော်။ ခုနေ မျက်စိမှိတ်ထားတယ် ၊မျက်နှာ ပုံ၊ အိမ်ပုံတွေ ဖော်လိုက်တယ်။ ဒီ အခါ အကောင်လို့ ထင်မနေဘူးလား ၊ အဲဒါ တံလျှပ်ကိုရေ မှတ် တာပဲ။ ငါအိမ်လို့ ထင်လိုက်သေးတယ်။
ဟုတ်ရဲ့ လား။ (ဟုတ်ပါတယ်ဘုရား)။
ဟိုက ပျောက်သွားပြီ။ ဒါကိုပဲ အတင်းခံစားပြီးလိုချင်တော့ အားစိုက်တယ်။ ဒီလိုအားစိုက်ပါများရင် နှလုံးအိမ်မှာ အပူဓာတ် ထွက်လာတယ်။ ဒီလို အပူဓာတ်အရှိန် တွေထွက်လာပြီ ဆိုရင် ကံမြောက်သွားပြီ။ ငါ့အိမ်အတွက် ငါဘာလုပ်မယ် လို့အားစိုက်လေ ပင်ပန်းလေပဲ။ ဥပါဒါန်ကံ ရောက်တော့ တာပဲ။ ဆုံးဖြတ်ချက် နဲ့သွားတာကိုး ။ အဲဒီမှာ အပူဓာတ် အရှိန်တွေ ပြင်းပြင်းသွားရင် ဖွဲ့စည်းပုံတွေ ပြောင်းတော့ တာကိုး။
ဓာတ်ရိပ် ဓာတ်ခိုးတွေ ပြောင်းတော့တာပဲ။အဲဒီ အရှိန်နဲ့ မရပ်ပဲသေခဲ့သော် ဇာတိ ။ အပူဓာတ် အရှိန်ပြင်းပြင်း နဲ့ဆိုရင် အပါယ်ဇာတိ၊မာန်လျော့လို့ အအေးဓာတ်အရှိန်ဆိုရင် နတ်-ဗြဟ္မာ ဇာတိ ဖြစ်မယ်။ အထက် ဆန်တယ်ပေါ့နော်။ ဒါန-သီလ တွေ အားကောင်းပြီး အအေးဓာတ် နဲ့သွား ရင်တော့ နတ်ဖြစ်မယ်ပေါ့။
သို့သော် အို-နာသေ လွတ်ပါ့မလား။ မလွတ်ဘူးနော်။ ဒီအှရိန်ကို ရပ်နိုင်မှ မထွက်အောင် လုပ်နိုင်မှ ရမှာပေါ့။ အရှိကို အရှိအတိုင်းတံလျှပ်ကဲ့သို့ ။ မြင်လိုက်လို့ရှိရင်တော့ ဒီ အာရံတွေဟာ မြဲမလား ပျောက်မလား (ပျောက်ပါမယ်ဘုရား)။ ပျောက်တယ် ဆိုရင် အာရုံကို ကပ်တဲ့ တဏှာသည် လာပါဦးမလား။
(မလာပါဘူး ဘုရား)။ ဒီနေရာ အရေး အကြီးဆုံးပဲ ၊ ဒီငါးခုကို ဘုရားဉာဏ်တော် နဲ့မို့ ပိုင်းခြားပြနိုင်တာနော်။ စိတ်-စေတသိတ်တွေကို ဘုရားက အမည်ပေးထားတာ။စိတ်ကလည်းမြင်ရတာ မဟုတ်၊ စေတ သိတ် ကလည်းမြင်ရတာ မဟုတ်ဘူး။ ရုပ်ကလည်း အင်မတန်သိမ်မွေ့တယ်။ ပေါ်ပြီး ပျောက် တယ်။
ဘုရားဉာဏ်တော်နဲ့မို့ ပိုင်းခြားပြနိုင်ခဲ့တာ။ဒါဟာ ကိုယ့်အလုပ်မဟုတ်ပါဘူး။ အဲဒါကို ယုံကြည်မှု သဒ္ဓါတရား နဲ့လက်ခံပြီး တော့ဟုတ်ပြီလို့ ဆုံးဖြတ်ချက်ချရတယ်။ လက်တွေ့လည်းမြင်ရတယ်။
စိတ်-စေတသိတ်ကို ကိုယ်တိုင်မြင် ရမှလို့ သွားမယူနဲ့နော်။ စိတ်ကိုမြင် အောင် စေတသိတ်ကိုမြင်အောင်လို့ တချို့ ဦးတတ်တာ ရှိသေးတယ်။ စိတ်-စေတသိတ်ကို သိမြင်လိမ့် မယ်။
ထိုင်သာထိုင်လို့တစ်ချို့ ကပြောကြတယ်။ ဒါဟာ မဖြစ်နိုင်တာကိုပြောတာ ။ လုံးဝမဖြစ်နိုင်တာ။ မြင်ရမှာလည်းမဟုတ်ဘူး။ ပိုင်းခြားသိစရာ အကြောင်းမရှိဘူး။ မမြင်တာမို့ ယုံကြည်မှုနဲ့သွားရမယ်။
ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင် - ၁၃ (ပိုင်းလော့ဆရာတော်)
ယုံကြည်မှုသဒ္ဓါရှင်းတမ်း
ယုံကြည်မှုစကားလေး ဟာ အရေးကြီးတယ်နော်။ သဒ္ဓါ တရားခေါ် တယ်။ တိပိဋက ယောဆရာတော်ဘုရားကြီး ရဲ့ ကျေးဇူး အင်မတန်များတယ်။ ဆရာတော်ကြီးဟောတာကိုမှတ် ရတယ်။ သဒ္ဓါတရားဟာ အရေး အကြီးဆုံးလို့ပြောတဲ့စကား ဘုရားဉာဏ်တော်နဲ့ဟောခဲ့တာ၊ တစ်ချို့ကိစ္စ ကိုယ် မြင်တာ မဟုတ်ဘူး။
ယုံကြည်မှုနဲ့သွားရမှာ။ ဘယ်လိုဥပမာပေးလဲဆိုတော့။
ကမ္ဘာ့မြေပုံကြိး ကို ပြမယ်ဆိုပါတော့ကွယ်တဲ့။ ဒီမြေပုံကြီးကိုယုံလားဆိုတော့ အားလုံးဟာ အကုန်လက်ခံ
ယုံကြည်တယ်တဲ့။ မြေပုံကို ကြည့်ပြီးသွားကြတာကို လက်ခံယုံကြည်တယ်တဲ့။ ဒီလို ယုံကြည်တယ်ပြောရ အောင်။ ကမ္ဘာအနှံ့ ကိုရောက်ဘူးလားတဲ့ (ဘာလို့ယုံကြည်လဲစဉ်းစား၊ အဲဒါကို ယုံကြည်မှု သဒ္ဓါလို့ခေါ်တာပဲတဲ့။) မှန်တယ်လို့လက်ခံထားပြီး သွားတော့ရောက်လည်းရောက်တယ်။ ဒါဟာ သဒ္ဓါတရား၊
ကိုယ် မရောက်သော်လည်းယုံကြည်ရမယ်နော်။ ဒီအတိုင်းပဲ။
ဘုရားဟော အရဟတ္တ ဖိုလ် ရောက်တယ် ဆိုတာကို ယုံကြည်ထားရမယ်နော်။ နိဗ္ဗာန်ဆိုတာကို ပထမ မသိသေးဘူး။ မရောက်သေးဘူးထား။ သို့သော် ဘုရားဟောထားတာ။ ဒါတွေဟာ ဟုတ်တယ်။ * စိတ်-စေတသိတ်* ဆိုတာကို လက်ခံရမယ်။ ကိုယ်တိုင် မမြင်ရသော်လည်း သုရားသည် တကယ် မြင်တော်မူခဲ့တဲ့ ဘုရား။ အာရုံသိပေါ်တဲ့နေရာမှာ ဒါတွေပေါင်းစပ်တယ်ဆိုတာကို ကိုယ်က စိတ်-စေတသိတ်
မမြင်ရဘူးထား။ *သိ* သဘော ပေါ်တာကတော့ အမှန်ပဲ။ အသံကြားလည်း သိလိုက်တယ်။
အရိပ်ထင်တာလည်း သိလိုက်ရတာ အမှန်ပဲ။ ပျောက်တာလည်း အမှန်ပဲ။ အထည် မဟုတ်တာလည်းအမှန်ပဲ။ ဒါဖြင့် တံလျှပ်ဆိုတဲ့စကားဟာ မှန်မနေဘူးလား ။
ဒီတော့လက်ခံရမယ်။ ယုံကြည်ရမယ်၊ နားလည်ပြီနော်။ တံလျှပ်ကဲသို့ ပဲဆိုတဲ့စကားကို လက်ခံယုံကြည်စွာနဲ့ ကျင့်ရမယ်။ ယုံကြည်စွာနဲ့ကျင့်လို့ရှိလျှင် အာရုံတွေကို ဆက် စရာအကြောင်းမရှိတော့ဘူး။ တဏှာ
မရှိတော့ဘူး။ နားလည်ပြီနော်။
လက်တွေ့ပြ၍ ရှင်းခြင်း
ဒါဖြင့် အသက်ကို ရှူ လိုက်မယ် ဆိုရင် ကိုယ် မှာလှုပ်တာနဲ့ တပြိုင်နက် ဗိုက်တွေ၊ ကိုယ်တွေ၊ ရင်ဘတ်တွေ ပေါ်မနေဘူးလား။ (ပေါ်ပါတယ်ဘုရား)။ အဲဒီပေါ်တာကို ဘယ်လိုရှုရမလဲဆိုတော့ တံလျှပ်ကဲ့သို့၊
ဒီအတိုင်းပဲရှုရမှာ၊ သိပေးရုံလေးပဲနော်။ နောက်စိတ်အစု ကအဖြေထုတ်တယ်လို့ခေါ်တယ်။ ပေါ်တာကို ရှေ့ က အာရုံကလက်ခံလိုက်တယ်။ အဲဒီ လက်ခံလိုက်တာကို နောက်စိတ်အစုက ဆုံးဖြတ်တာ။
ပေါ်တဲ့ အာရုံကို လက်ခံ ဆုံးဖြတ်တယ်လို့ ခေါ်တယ်။ ဒါကို စာပေအရပြောတာနော်။ ဘုန်းဘုန်း အရပ်စကားနဲ့ အလွတ်ပြောတာ မဟုတ်ဘူး။ စိတ်ရဲ့သဘောတရားဟာ အာရုံကို သိတဲ့နေရာမှာ ဝိဉာဏ်ပြီးရင် သမ္ပဋိစ္ဆိုင်း၊
သန္တီရဏ၊ ဝုဋ္ဌော ( မနောဒွါရဝဇ္ဇန်း ) လို့ အဘိဓမ္မာ မှာဆိုထားတယ်။ မြန်မာလို… လက်ခံတယ် စုံစမ်းတယ်၊ ဆုံးဖြတ်တယ်။ ကျမ်းစာကိုသင်ဘူးတဲ့ ပုဂ္ဂိုလ်တွေသိလိမ့်မယ်နော်။ ဘာသိသိ အာရုံသိရင်လက်ခံတယ်။ စုံစမ်းတယ်။ ဆုံးဖြတ်တဲ့အလေ့ အထရှိတယ်။ ဒီတော့နောက်စိတ် အစုက လက်ခံစုံစမ်း
ဆုံးဖြတ်တော့မှာ။ ဆုံးဖြတ်တဲ့အခါ အမြင်မှန်နဲ့ ဆုံးဖြတ်ရမှာနော်။
အသက်ရှူလိုက်တယ်ဆိုရင်၊ ကိုယ်မှာထိတာနဲ့ မျက်နှာ ကိုယ်အမူအရာ အရိပ်ဟာတံလျှပ်လိုပဲလို့ ဆုံးဖြတ်ရမယ်။ ငါလို့ပြောပါတော့မလား (မပြောပါဘူးဘုရား)။ ကျွန်တော်ဟာ ခင်ဗျား နှာခေါင်းပါလို့ပြော ရဲ့လား၊
ငါလို့ကောဝန်ခံရဲ.လား။ (ဝန်မခံပါဘူး ဘုရား)။ ပြီးရင် တံလျှပ်ကဲ့သို့ အနှစ်သာရ ရှိပါ့မလား။
အဲဒီ အတိုင်းသိလိုက်တယ်ဆိုရင် အာရုံဟာ မတည်မြဲတော့ဘူး၊ ပျောက်သွားတယ်။
ပျောက်သွားပြီဆိုရင် ငါ-သူမရှိသောကြောင့် မာနရောလာပါ့မလား။ (မလာပါဘူးဘုရား။)
မလာရင် တဏှာကော လာလို့ရပါ့မလား။ (မရပါဘူး ဘုရား)။ ဒီလောက်သိလိုက်တယ်
ဆိုရင် နိဗ္ဗာန်ပေါ်သွားပြီ။ ရပြီလား။
ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင် - ၁၄ (ပိုင်းလော့ဆရာတော်)
ပါရမီ ဓာတ်ခံအရေးကြီးပုံ
ဒါဖြင့် အရှင်ဘုရား။ လွယ်လှချည်လား။ အခုပဲပေါ်တယ်ဆိုတော့မြန်လှချည်လား လို့အောက် မေ့မယ်နော်။ တကယ်တော့ ဒါတွေသိလို့ရတာနော်။ ဒီအသိရတယ် ဆိုရင် ရပြီ။ ဒီအသိမရသေးရင်တော့ နိဗ္ဗာန်ပေါ်မှာ မဟုတ်ဘူးနော်။ အရှင်ဘုရား.. ဒီအသိဟာလည်း အရှင်ဘုရားပြောတော့ အလွယ်လေးပါလား လို့အောက်မေ့မယ်။ မလွယ်ဘူး။
ဘုန်းဘုန်း ဒီ ပုံစံလေးနဲ့ ဒီအသိဟောနိုင်ဘို့ အချိန်အများကြီးပေး ပြီးကြိုးစားလေ့လာ ခဲ့ရတယ်။ နောက်စာပေတွေလည်း လေ့လာခဲ့ရတယ်။ အထူးသဖြင့် ရဟန္တာ အသမုတ်ခံ ရတဲ့ မထေရ်ကြီးတွေရဲ့ သြဝါဒတွေလည်း ခံယူရတယ်။ အကုန်ညှိရတယ်။ ဒီလိုညှိပြီး နှစ်ပေါင်းအကြာကြီး စုဆောင်းတော့မှ ဒီဟောစဉ်ကိုဖော်ထုတ်နိုင်ခဲ့တာပါ။
အခုဟောစဉ်လေး ရဘို့အတွက် အလွယ်လေးရတာ မဟုတ်ပါဘူး။ အများကြီးရှာထားရတာ… နားလည်ပြီနော်။ ဒီ လိုနှစ်တွေ အများကြီးစုထားခဲ့တာကို တစ်ထိုင်တည်းပြန်ပြီး ဖောက်သည်ချတာ ပြန်ပေးနေတာမှတ်။
အာနန္ဒာ မထေရ်လိုတော့မပြောရဘူးနော်။ (အရှင်မြတ်က ခန္ဓာ ငါးပါးဆိုတာ သည်ဒါပဲ ဆိုတာကို သိသွားပြီတဲ့၊ ပြန်ရေကြည့်ကြ ။ ရုပ်၊ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိဉာဏ်ပါနေတယ်နော်။အဲဒါကို တစ်ဘက်က ကြည့်ပြန်တော့၊ ဝိဉာဏ်ပါမနေဘူးလား။ ဒါကနာမ်၊ ဒါကရုပ်၊ နာမ်ရုပ် ပါမနေဘူးလား။ (ပါနေပါတယ်ဘုရား)။
အာယတနဆိုတာ စိတ်၊ စေတသိတ်၊ ဖြစ်ခွင့်ရတဲ့အကြောင်း၊ အာရုံ၊ ဒွါရ - ကိုပြောတာနော်။ ဒါလည်း ပါနေတယ်နော်။ အာယတန ၆ပါးကို ပြောတာနော်။ ပေါင်းလောင်တော့ ဖဿရော ပါမနေဘူးလား။ (ပါနေပါတယ် ဘုရား)။ ဝေဒနာလည်း ပါနေတယ်နော်။
ဒါဖြင့် ဒါသည် နံပါတ် (၂) အကွက်ပေါ့။ (တင်ပါ့ဘုရား)။ ဒါက ဝိဉာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ တစ်ပေါင်းတည်း ပါတယ်။ ရပြီနော်၊ အဲဒီလိုပါတာကို အမှန် အတိုင်း ပိုင်းခြားသိရင်၊ ဒီက - အ -ပြုတ်သွားတယ်။ ဝိဇ္ဇာအလင်းဖြစ်သွားတယ်။
ဒီ အလင်းဓာတ်နဲ့ (ဘုရားပေးတဲ့အလင်း)နဲ့ ကြည့်လိုက်တော့ ပုံသဏ္ဍန် အရိပ်တွေဟာ အကောင်ဟုတ်ပါအုံးမလား။ (မဟုတ်ပါဘူးဘုရား။) တံလျှပ်လိုပဲ၊ မြဲမလား ပျောက်မလား။ (ပျောက်ပါမယ်ဘုရား)။
ဒီလိုပျောက်တော့ဒိဋ္ဌိ ရှိသေးလား။ (မရှိတော့ပါဘူးဘုရား။) မာနရောရှိ သေးလား (မရှိတော့ပါဘူးဘုရား)။ တဏှာရောရှိသေးလား ( မရှိတော့ပါဘူးဘုရား)။ ဒါဖြင့်အစပ်က ပြတ်တာ အမှန်ပဲ။
အဲဒါကို သိသွားလို့ အာနန္ဒာ မထေရ်က ဘုရားကိုလျှောက်တယ်။ အရှင်ဘုရား … အလွယ်လေးပါလားလို့ သွားလျှောက်တယ်။ ပြောမိခဲ့တယ်နော်။ ဘုရားက ဒီလိုမဆိုနဲ့တဲ့။ ငါဘုရားဟောတာကို သိဖို့ အတွက်သင်ဟာ ကမ္ဘာတစ်သိန်းတောင်မှ ပါရမီဖြည့်ခဲ့ရတယ်တဲ့။ (အခု ဟောတဲ့ဟောစဉ်ကို ရှင်းရှင်း ဉာဏ်မီ ပြီးသွားတဲ့ ပုဂ္ဂိုလ်တွေလည်းပါလိမ့်မယ်။ ၅၀% ၆၀% အစရှိသဖြင့် ရာခိုင်နှုန်း၊အစားစား ပါလိမ့်မယ်။ လုံးဝမသိတဲ့ ပုဂ္ဂိုလ်လည်းပါလိမ့်မယ်။ အကုန်လုံးမရနိုင်ဘူးနော်။)
ဘုန်းဘုန်းဟောတာကို သဘောပေါက်တဲ့ သူရှိသလို သဘောမပေါက်တဲ့သူတွေလည်းရှိတယ်။
ဘာကွာလဲဆိုတော့ ရင်ထဲက အခံကွာတယ်။ (အသွေး အသားမှာ သတ္တိ အခံတွေလိုတယ်နော်)။ အာနန္ဒာ မထေရ်ကျတော့ ဒါနစတဲ့ ကုသိုလ်အစွမ်းတွေ ထည့်ထားတာ။ အဲဒီအားတွေကြောင့် ဘုရားဟောတာကို သဘောပေါက် တာတဲ့။ ဘုရားက အမိန့်ရှိတယ်။
(လွယ်တယ်ဆိုရင် တဏှာ အစပ် အပြီး ဖြတ်လိုက်တော့ပါလားတဲ့)။ တဏှာ အစပ် အပြီး ဖြတ်တယ်ဆိုတာ ပေါ်ချင်တာပေါ်တော့ပြတ် နေတာကိုပြောတာနော်။
ပြတ်တာက အကောင်အထည် မယူတော့တာကို ဆိုလိုတာ နားကကြားလဲ၊ မျက်စိဖွင့်လဲ၊ အကောင်မယူနဲ့တော့။ အသက်ရှူလည်းအကောင်မယူနဲ့တော့၊ ပြတ်နေရမယ်။ လုံးဝပြတ်သွားတာကု ပါဠိလို အရဟတ် လို့သုံးတယ်။
လေ့ကျင့်ခန်းအောင်သွားရင် တောက်လျှောက်ပြတ်သွားတယ်။ ထိုင်ဆဲလဲပြတ်နေမယ်။ ထိုင်ပြီးတစ်ယောက်ယောက် ကဆဲနေလဲ သူငါ မပေါ်တော့၊ ပြတ်နေရမယ်၊ ရှူနေရမယ်။
အဲဒီလေ့ကျင့်ခန်းကို အောင်-အောင်လေ့ကျင့်ရမယ်နော်။ ဘုရားက အမိန့်ရှိတယ်။ (သင်ဟာ လွယ်တယ် ဆိုရင် ရဟန္တာ ဖြစ်ပါတော့လားတဲ့)။
ဒီတော့မှ အာနန္ဒာ မထေရ် မာန်ကျတယ်တဲ့။ ချက်ချင်းတော့မရနိုင်သေးဘူးနော်။ နည်းတော့သိသွားပြီနော်။ မဟုတ်မှန်းသိရင် ပြတ်တာတော့ နည်းသိသွားပြီ။ ပြတ်တယ်ဆိုရင် ဆက်ခံစားစရာ အကြောင်း ဘာမှ မရှိတော့ဘူးလေ။ လွတ်ပြီ မဟုတ်လား။
အခုနေ သေသွားတဲ့ အမျိုးထဲက အင်မတန်ချစ်တဲ့အမျိုးပုံကို ဖော်ကြည့်ပါ။ ဒီအခါ အရိပ်ကလေး မျက်လုံး၊ မျက်ခုံးပုံပေါ်မလာဘူးလား။ (ပေါ်လာပါတယ်ဘုရား)။ ပေါ်တာကိုနောက်စိတ်က တံလျှပ်လို့သိပြီး ရှူနော်။ မရှူရင် မေးတွေတင်းပြီး မျက်ရည်ကျလိမ့်မယ်။ ဓာတ်လိုက်သလိုပဲ အင်မတန် မြန်တယ်။ သဘောပေါက်ရဲ့လား။
တဏှာ၊ ဥပါဒါန်၊ ကံဆိုတာ သည် လျှပ်စစ်ဓာတ်လိုက်သလိုပဲ အင်မတန် မြန်တယ်။ သဘောပေါက်ရဲ့လား။ အမြင်မှားလိုက်တယ်ဆိုရင် တန်းထိတော့တာပဲ။ သဘောပေါက်ပြီလား။
ပေါ်တဲ့အရိပ်ကို မဟုတ်မှန်းသိလိုက်ရင် မျက်နှာရော၊ အဲဒီ အရိပ်ကော ပျောက်သွားတယ်။ နို့မဟုတ်ရင်တော့ မျက်ရည်ကျပြီ။ သဘောပေါက်တယ်နော်။ သေသူရဲ့လက်ရာ။ ခြေရာလေးတွေ မြင်ပြီးတော့ ပုံတွေပေါ်ပြီးဆက်တယ်ဆိုရင် ဒီပုဂ္ဂိုလ်ဟာနိုင်ပါအုံးမလား၊ မနိုင်မှာသေချာတယ်။ ဒီ အဆက်မဖြတ်သေးဘူး။ အရိပ်ကို အကောင်ထင်တာနဲ့သွားတာပဲ။
ပေါ်တဲ့အရိပ်ကို တံလျှပ်လိုပါပဲ၊ ပေါ်ရင်းပျောက်နေတယ်လို့ ဉာဏ်ကစိုက်ပြီး သိလိုက်ရင် ပတ်ဝန်းကျင်ရော ငါရောပျောက်နေတယ်။
အခုပြတ်နေမှန်း တော့သိပြီနော်။
ဒီလိုသိလိုက်တာကို လွယ်တယ်လို့ပြောမှာလား။ (မပြောပါဘူးဘုရား)။ အာနန္ဒာ မထေရ်လိုတော့ လွယ်တယ်လို့မပြော လိုက်နဲ့နော်။ အခုလို သဘောပေါက်အောင် ပါရမီ ရင့်ခဲ့လို့၊ စွမ်းအားကောင်းလို့ သဘောပေါက်ကြတာလို့မှတ်ပါ။
ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင် - ၁၅ (ပိုင်းလော့ဆရာတော်)
ဉာဏ်နက်ရှိုင်းပုံ အဆင့် ဆင့်
-----------------------------
သို့သော် အတိုင်းအတာ အရ ရာခိုင်နှုန်းပြည့်ချင်မှ ပြည့်မယ်နော်။ ဒီတရားကို အကြောင်းညီ ညွတ်လို့ ဘုန်းဘုန်းမ သေသေးဘူးဆိုရင်တော့ ဆက်ဟော ဦး မှာ ပဲ။အခုတစ်ခါ တရား နာတာနဲ့ ၊ နောက်တစ်ခါ တရားနာတာ တူမှာ မဟုတ်ဘူး။ ပိုပြီးသဘော ပေါက်လာ လိမ့်မယ်။ သိပ်အံ့သြစရာကောင်းတယ်နော်။
ဘုရားရဲ့ သာသနာ ၊ အဆုံးအမတွေဟာ သမုဒ္ဒရာရေလိုပဲတဲ့။ အရသာ ကတော့ ကမ်းစပ်မှာ လည်းအငံဓာတ်ရှိတယ်။ ရေလယ် မှာလည်းဒီအတိုင်းပဲ။ သို့သော် အနက်ချင်းတော့မတူဘူး ။ သဘောပေါက်ရဲ့လား။ တဏှာ အစပ်ပြတ်တာတော့ အတူတူ ပဲနော်။နိဗ္ဗာန်ပဲနော် ။ သို့သော်နက်ရှိုင်း ပုံချင်းတော့မတူဘူး။ နှစ်ကြာလေ ပိုနက်ရှိုင်းလေပဲနော်၊ သဘောပေါက် ရဲ့လား။
သို့သော် ဒီအသိလေးကိုတော့ လွယ်တယ်လို့သွားမပြောလိုက်နဲ့။ လွယ်တယ် ဆိုရင် ဘုရားရှင် မေးတဲ့အတိုင်း ပဲမေးရလိမ့်မယ်။ ( ပြတ်ပါတော့လား၊ ချက်ချင်း ရဟန္တာ ပါတော့လား) လို့မေးရ လိမ့်မယ်။ အပြီးပြတ်သွားတယ်ဆိုရင် အရဟန္တာ လို့ ခေါ်တယ်လေ..။ သဘော ပေါက် တယ်နော်။ ဖြတ်နိုင်ပါ့မလား ။ မရသေးဘူး။ မေ့ပြီးပါ-ပါ သွားဦးမှာ ပဲနော်။
သို့သော် ဒီလောက်သိတယ်ဆိုရင်ပဲဝမ်းသာရလိမ့်မယ်။ ဒီလောက်သိတယ်ဆိုရင်ပဲ ဘုရားရှင် က အမိန့်ရှိတယ်။စူဠသောတာပန်ဉာဏ်လို့ခေါ်တယ်။ လူကိုပေးတာ မဟုတ်ဘူးနော်။ ဉာဏ်ကိုပေးထားတဲံ အမည်နော်။
ဘာကြောင့်လဲဆိုတော့ သောတာဆိုတာ ----နိဗ္ဗာန်ရေအလျင်လို့ပြောတာတဲ့ ။ နဂိုရှိပြီးသား လမ်းကြောင်းကြီးနော်။နဂို သဘာဝသည် ပေါ်သမျှပျောက်ပြတာပဲရှိတယ်။အဲဒီရေအလျင်လို အမြင်မှား ၊ အထင်မှားတာတွေကို ဖယ်လိုက်တဲ့ (ပညာအလင်း)နဲ့ ။ ပတ္တိ ---- ဆိုတာ ဉာဏ်နဲ့ထိတွေ့သွားပြီ ။ ဆိုက်တွေ့သွားပြီ။ ရတော့ရသွားပြီနော်။
အခုနေမျက်စိမှိတ်ပြီး ကိုယ့်အိမ်တွေ ၊ ကိုယ့်ကိုယ်လုံးတွေကို ဖော်ကြည့်လိုက်ပါအုံး။ မဟုတ်မှန်းသိလိုက်ရင် ဉာဏ်နဲ့ထိတွေ့ပြီး ပျောက်သွားတယ်နော် ။ တံလျှပ်လို့သိလိုက်ရင် ပျောက်သွားတယ်။ ဒီလောက်သိဘို့တောင် လွယ်တာမှ မဟုတ်တာ ။ ပါရမီ ဉာဏ်ပါလို့သ သိတာ လို့ မှတ်ပါ။
တစ်လောကလုံးသိမ်းလိုက်လည်းရတယ်။ မျက်စိလေးမှိတ်ပြီး တစ်လောကလုံးခြုံကြည့်လိုက်၊ ကိုယ့်မျက်နှာ ကအစ ၊ အကုန်လုံး ခြုံကြည့်လိုက်၊ ပေါ်တာ မြင်ကွင်းတစ်ခုတည်း ဒီမှာပေါ်တာ မဟုတ်လား။ ပေါ်တာကို တံလျှပ် လိုပဲလို့သိလိုက်တယ် ဆိုရင်ပဲ မြဲမလားပျောက်မလား။ မမြဲဘူး ပျောက် သွားတယ်နော်။ အဲဒီ အခါကို တဏှာ လာပါ့မလား။ ရတော့ရနေပြီနော်။ သဘောပေါက်တယ်နော်။ သို့သော်အားနည်းတယ်။
ဝိပဿနာဉာဏ်တော့ရပြီ။ လောကီမဂ်ဉာဏ်တော့ရပြီ။ လောကီ မဂ်ဉာဏ်လို့ခေါ်တယ်တဲ့။ ဒီက စရမှာနော်။ ဒီ အချိန်မှာ နိဗ္ဗာန်လို့ရော ဆုံးဖြတ်ချက်မကျနိုင်ဘူးလား။ ရဲရဲဆုံးဖြတ် ချက်ချလိုက်ပါ။ အဲဒီလိုမြင်တဲ့အခိုက်မှာ တဏှာ မလာသောကြောင့် နိဗ္ဗာန်ပေါ်သွားပြီ။ မြင်တာသည် နိဗ္ဗာန် မြင်တာတော့ မဟုတ်ဘူးနော်။ ခန္ဓာချုပ်တာကို မြင်လိုက်တာ ။
ဒီခန္ဓာ အပေါင်းအစုရဲ့သဘောကြောင့် အာရုံသိလိုက်တဲ့အခါ ပျောက်သွားတယ်နော်။ ပျောက်သွားတာသည် ခန္ဓာ ချုပ်တာ။ ဘဝ တစ်ခုလုံးချုပ်လိုက်တာ။ ပြန်မလာတော့ဘူး။ ရုပ်-နာမ် ပေါင်းလောင်တဲ့သဘောတရားသည် ပြန်လာပါ့မလား။ ပြန်မလာတော့ဘူးနော်။ မလာတာကိုနိရောဓ ခေါ်တယ်။
အရှူခံခန္ဓာ (ဘဝ)ကို ကာလနှင့်ယှဉ် ရှူမှတ်ရန် အရေးကြီးပုံ

ကာလ နှင့်ဖြတ်ရအောင်နော် ။ ခုန ကတရားပွဲစခါနီးမှာ သီလယူခဲ့တဲ့ကြားသိစိတ် ၊ ခံစားမှု အရိပ်တွေ ဟာ ပြန်လိုချင်ရင်ရပါ့မလား။ (မရတော့ပါဘူး …ဘုရား)။ ဟုတ်တယ်။ ရုပ်တွေ၊ စိတ်တွေဟာ ၊ မျက်တောင် တစ်ခတ်မှာ စိတ်က ကုဋေပေါင်းတစ်သိန်းကျော် နှုန်း ၊ရုပ်ကငါးထောင်ကျော်နှုန်း။ ပေါင်းလောင်သွား ပြီး ပြန်မလာတော့ဘူး။ ( အသစ်--အသစ်) ပဲလာမယ်။ အဟောင်းမလာတော့ဘူး။ သဘောပေါက်ပြီလား။ ဘယ်တော့မှ ပြန်လာမှာ မဟုတ်တော့ဘူးနော်။ ဒါကို နိရောဓ လို့ခေါ်တယ်။ သဘောပေါက်တယ်နော်။ အသက်တစ်ခါရှူမယ်နော်။ ရှူဆဲကာလ ပေါ်သမျှ ဟာ ထုတ်ဆဲကာလ မှာ ပြန်လာ ပါ့မလား။ (မပါပါဘူးဘုရား)။ရှင်းရှင်းလင်းလေးဟာကို ဒီအတိုင်းသွားကြနော်။အိမ်ရောက်ရင် ဆက် ကျင့်ကြ နော်။
တစ်ခါ ထုတ်ဆဲကာလမှာ ပေါ်တဲ့အရိပ် ၊ အမူအရာတွောဟာ ပြန်ရှူရင် ပါပါ့မလား။ (မပါပါဘူးဘုရား)။ ကျန်ခဲ့ပြီ မရှိဘူးလို့သိရမယ်။ ဘဝတစ်ခုလုံးသေတာနော်။ တစ်ခါ ပြန်ရှူမယ်။ (ထိရင်းထိရင်း) နဲ့ ရုပ်-နာမ်ပေါင်းလောင် ပြီးတော့ချုပ်ငြိမ်းသွားတယ်။ ပြန်လာပါ့မလား။ (မလာပါဘူး ဘုရား)။ အဲဒီ အတိုင်းသွားကြနော်။ ဘာနဲ့ဖြတ် လဲဆိုတော့ကာလ နဲ့ဖြတ်ရတယ်။ နားလည်ပြီနော်။ နေရာနဲ့မသွားနဲ့။ အချိန်ကာလနဲ့သွားပါ။ နေရာနဲ့မလိုက်နဲ့။ အချိန်နဲ့သွားပါ။ အပေါင်းအားဖြင့် နေရာနဲ့ မလိုက်ရဘူးနော်။ အပေါင်းအားဖြင့် ပေါ်သမျှသည် အချိန်နဲ့ယှဉ်သွားရမယ်။
ဒီစကားကိုဘုန်းဘုန်းက ကျမ်းဂန်အလွတ် ပြောတာမဟုတ်ဘူး။ ဘုရားဟော အတိုင်းပြောတာပါ။ နတ်တွေကြိုက်လွန်းလို့ ၄-ကြိမ်ကျအောင်ဘုရားဟောရတဲ့တရားရှိတယ်။ ဥပရိပဏ္ဏာသ မှာ ရှိတယ်။
ဘဒ္ဒေကရတ္တသုတ် လို့ခေါ်တယ်။ လေးခါတောင်ဘုရားကဟောရတယ်။ အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ။ အနာဂတ်ခန္ဓာ သို့လည်း မတောင့်တရာ ။
အတိတ်ခန္ဓာသည် ချုပ်ပြီး ပြီ။ အနာဂတ်ခန္ဓာလည်းရောက်မလာသေး။ပစ္စုပ္ပန် ဖြစ်သော သဘောတရားကို ထိုထိုဖြစ်ဆဲခဏ ၌သာလျှင် ဝိပဿနာရှူသောပုဂ္ဂိုလ်သည်တွန့်တိုခြင်း၊ ပျက်စီးခြင်းမရှိသော ထို ဝိပဿနာရှူမှုကို အဖန်ဖန်ပွားများရာ၏။
ဘယ်သူသည် မနက်ဖြန်သေရမည်ကို သိနိုင်အံ့နည်း။ ယနေ့ပင်လျှင် အားထုတ်သင့်သော ကုသိုလ်ကောင်းမှု အလုပ်ကို ပြုလုပ်သင့်၏။ ငါတို့မှာ များသော စစ်သည်ရှိသော ထိုသေမင်း နှင့်ချိန်းချက်ထားမှု သည်မရှိသည်သာတည်း။
ဤသို့နေလေ့ရှိသော လွန်စွာအားထုတ်ခြင်း ရှိသော နေ့ညဉ့်ပတ်လုံး။မပျင်းမရိအားထုတ်သော ထိုရဟန်းကို စင်စစ် (ကောင်းသောညဉ့်တစ်ညဉ့်ရှိသော ရဟန်း )ဟူ၍ ကိလေသာငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏ -တဲ့။
ဒါက တရားတော်မူရင်းလို့ မှတ်ကြပါ။ အကျဉ်း ဥဒ္ဒေသ လို့လဲခေါ်ပါတယ်။ ဝိပဿနာ ရှူတယ်ဆိုတာ ကလည်း
(ဝိပဿနာ= ပညတ္တိံ ဋ္ဌပေတွာ ဝိသေသေန ပဿတီတိ ဝိပဿနာ ) ပညတ်ကို ပယ်ခွာ၍ ပရမတ္တအရှိကို ပညာနဲ့သိမြင်တာ ဝိပဿနာလို့ ဆရာတို့ဆုံးမ ထားကြပါတယ်။ ပညာ နဲ့ (ပညာဦးစီးသောစိတ်ဖြင့်) သိမြင်တာ ဝိပဿနာ ။
အတိတ်ခန္ဓာကို အစဉ်မလိုက်ရဘူးတဲ့။ ……..အာရုံသိသဘော ကို ခန္ဓာလို့ပြောတာနော်။ သူဟာချုပ်ပြီး ပြီတဲ့ မရှိတော့ဘူးတဲ့။ စဉ်းစား။ အခုပြောရင်းနဲ့ပဲ မကြားလိုက်ဘူး လား။ (ကြားလိုက်ပါတယ်ဘုရား)။မနောမပေါ်ဘူးလား ။ (ပေါ်ပါတယ်ဘုရား)။
ပုံရိပ်တွေဟာ မရှိတော့ဘူးနော်။ ပြန်တွေးလို့ရော ရမလားလို့စဉ်းစား။ တွေးလို့ရမလား ရှာရအောင်။ သမုတိသစ္စာအားဖြင့် ရတယ်လို့ ပြောမယ်ထား။ ပရမတ္ထသစ္စာကို ပြောရအောင်နော်။ ပြန်တွေးမယ်။ တရားပွဲစခါစက သီလယူခဲ့တာကိုပြန်တွေး မယ်။ အမူအရာတွေ ပေါ်မလာဘူးလား။ (ပေါ်လာပါတယ်ဘုရား)။ ဒီလိုပေါ်လာတာသည် ဟိုအချိန်က ရုပ်နာမ် ပြန်ပေါ်လာတာလား။ အသစ်ပေါ်တာလား ။ (အသစ်ပေါ်လာတာပါဘုရား)။ တွေးလို့ရတယ်နော်။အတိတ် ရုပ်နာမ် ပြန်လာါ့မလား။ (မလာပါဘုရား)။ သဘောပေါက်ပြီ်လား။
အတိတ် ရုပ်-နာမ်က ပြန်လာပါ့မလား။ အတိတ်ကိုတွေးလိုပကို မရတာပဲနော်။ အထင်မှားကြောင့် အတိတ်ထင်တာ ။ စောစော ကပြောသလိုပဲ။ အထင်မှားကြောင့် အတိတ်ထင်တာ ။ စောစော ကပြောသလိုပဲ တံလျှပ်ကို ရေမှတ်ထင်တာ လိုပေါ့။ အတိတ်ထင်တာ ဟုတ်မှ မဟုတ်ပဲ။ အခုတွေးလို့အခုပေါ်တာကို အတိတ်လို့ထင်နေကြတာ။
အနာဂတ်ခန္ဓာ ကို မတောင့်တရဘူးတဲ့ ။ ပေါ်မလာသေးလို့တဲ့ ။ အာရုံ၊ဒွါရမတိုက်သေးလို့။ ပေါ်လို့မရသေးဘူး။ ဟုတ်မဟုတ်စဉ်းစား။ ခုနေပြောမယ်။ တရားပွဲပြီးရင် အိမ်ပြန်မယ်လို့ တွေးလိုက်တယ် ဆိုရင်ပဲ အမူအရာတွေ ပေါ်မလာဘူးလား။ (ပေါ်လာပါတယ်ဘုရား)။ ပေါ်လာတာသည် တရားပွဲပြီးမှ ပေါ်မဲ့ ရုပ်-နာမ်လား ။အခုပေါ်တာလား ။(အခုပေါ်လာတာပါဘုရား)။
အခုတွေးလို့အခုပေါင်းလောင်တာ အနာဂတ်ဟုတ်ပါ့မလား။(မဟုတ်ပါဘူး ဘုရား)။ အနာဂတ်တွေးလို့မရဘူးလေ..။ တကယ့်တရားနယ် ပယ်မှာ ၊ပရမတ္ထ နယ် ပယ် မှာ ၊ အနာဂတ်ဆိုတာ မရှိ တာပဲ။ အနာဂတ်ခန္ဓာ ဆိုတာ မရှိဘူး။
ကာလဆိုတာသည် ပရမတ္ထတရားမဟုတ်၊ ပညတ်တရားဖြစ်နေတယ်။ တကယ်မရှိတဲ့တရား။ ကာလ ဆိုတာ တကယ်မရှိဘူး။ တကယ်ဖြစ်နေတာက အာရုံသိ-သဘောတရားကဖြစ်နေတာ။ စိတ် စေတသိတ်၊ ရုပ်တွေ တကယ်ဖြစ်နေတာ။
ဒီတော့ ၊ အဲဒီ သိသဘောတရားကို ကာလ အထင်မှားသတ်မှတ်တာ ကာလသည် တကယ် ရှိတာ မဟုတ်ဘူး။ လောကနယ် ပယ်မှာ သုံးပါ။ အလုပ်ခွင်မှာ မသုံးပါနဲ့။ အလုပ်ခွင်က သိသဘောကို လောကထဲသွားမသုံးပါနဲ့။ မနက်ဖြန်မရှိဘူး ဆိုတာမျိုးသွားမလုပ်ပါနဲ့။ မနေ့က အကြောင်းလာမပြော နဲ့လို့ မလုပ်ပါနဲ့။
ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ ၏ ဓမ္မ Website မှကူးယူမျှဝေ ကုသိုလ်
ယူပါသည်...

No comments:
Post a Comment